သီပေါစော်ဘွားဘဝဇါတ်လမ်းရုပ်ရှင် ပြသခွင့်ပိတ်ပင်ခြင်းအကြောင်းပြချက် ယုတ္တိမရှိဟု ခွန်ထွန်းဦးပြော



ရန်ကုန်မြို့တွင် ကျင်းပသည့် လူ့အခွင့်အရေး နှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် Human Dignity international film festival တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုပျက်ပြားစေသည်ဟုဆိုကာ သီပေါစော်ဘွား စဝ်ကြာဆိုင် နှင့် မဟာဒေဝီ တို့၏ ဘဝဇာတ်လမ်းအမှန်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားသည့် Twilight Over Burma ဇာတ်လမ်းကို တပ်မတော်ဘက်က ပြသခွင့် ပိတ်ပင်လိုက်ခြင်းမှာ ယုတ္တိမရှိကြောင်း ခွန်ထွန်းဦးကပြောဆိုလိုက်သည် ။


ဂျွန်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ ရုပ်ရှင်ရုံကြီးများတွင်ပြသ သွားမည့် ရုပ်ရှင်ပွဲတော်တွင် Twilight Over Burma ရုပ်ရှင်ဇာတ်လမ်းမှ ဇာတ်ဝင်ခန်းများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အပေါ် သက်ရောက် မှု ရှိလာနိုင်သောကြောင့် ပြသခွင့်မပြုရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရိုက်တာ သို့ ပြောသည် ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြချက်အရ သိရသည် ။


‘ ဇာတ်လမ်းက အမှန်အတိုင်းရေးထားတယ်။ ရိုက်ကူးတယ် ပြသတယ်။ ခံရတဲ့သူကခံရပြီ။ အခုထိ သေသလားရှင်သလား မသိဘူး။ သူ့သမီးတွေ ကလည်းငယ်ကတည်းက သူတို့အဖေကို ၅ နှစ် ရ နှစ်အရွယ်ကတည်းက မတွေ့တော့ဘူးလေ။ စည်းလုံး ညီညွတ်ရေးကိုပျက်ပြားစေတယ်ဆိုတာ ယုတ္တိမရှိပါဘူး။ လူတယောက်ရဲ့အခွင့်ရေးပဲ ။ လူ့အခွင့်ရေးမရှိတဲ့ သဘောပဲ။ လုပ်ကြံပြီးပြောနေတာ။ ရှိကောရှိရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက ဒီရုပ်ရှင်ပြတာနဲ့ ဘယ်လိုလုပ်ပျက်ပြားမလဲ ။ ဒီဟာကရိုက်တဲ့လူ ၊ ရေးတဲ့လူက ဘယ်လောက်ခံစားသွားရပြီလဲ။ ရေးသားတဲ့ မဟာဒေဝီ ၊ ကလေးနှစ်ယောက် ဘယ်လောက်ခံစား သွားရပြီလဲ။ အဲဒီဟာကို မစဉ်းစားပဲ ဒါလေးပြရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားတယ်ဆိုတာ ယုတ္တိမရှိဘူးလို့ ကျနော်ပြောလိုတယ်။‘ ဟု သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဥကဌ ခွန်ထွန်းဦးကပြောသည် ။


သီပေါစော်ဘွားကြီး၏ မဟာဒေဝီ အင်ဂာဆာဂျင့် ခေါ် မင်းသမီး သုစန္ဒီကိုယ်တိုင် ရေးသားထားသည့် Twilight Over Burma (မှုံရီဆိုင်း တိုင်းမြန်မာ ) စာအုပ်ကို ဩစတြီးယားနိုင်ငံသား ဒါရိုက်တာ Sabine Derflinger က ကြာချိန် ၉၉ မိနစ်အရှည်ဖြင့် ရုပ်ရှင်အဖြစ် ရိုက်ကူးထားသည် ။


ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်လည်း ပွဲတော်ဖြစ်မြောက်ရေးအတွင်းရေး မှူး မမွန်မွန်မြတ် ကမူ - ရုပ်ရှင်ပွဲတော်ဆိုတာ ကျမတို့နိုင်ငံရေးလက်ရှိ အနေအထား အခင်းအကျင်းတခုကိုလည်း တိုင်းတာရာရောက်ပါတယ်။ အဲဒီ လိုဘဲ ကျမတို့ဒီရုပ်ရှင်ပွဲ တော်ကတဆင့်ကျမတို့ ဘယ်အတိုင်းအတာ အထိ လုပ်ခွင့်ရပြီလဲ။ ကျမတို့လက်ထဲမှာ မီဒီယာဖရီးဒမ်းဘယ်လောက် ထိရှိပြီ လဲ ဆိုတာ ပြသရာရောက်ပါတယ်။ ကျမတို့ဒီရုပ်ရှင်ပွဲတော်မှာ ကျမတို့နိုင်ငံက လူ့အခွင့်အရေးနဲ့ပတ်သက်လာလို့ရှိရင် အတိုင်းအတာ တခုအထိတော့ရပါ တယ်။ ဒါပေမယ့် တကယ်တမ်း တပ်မတော်နဲ့ပတ်သက် လာရင် ဘာသာရေး နဲ့ပတ်သက်လာရင်ကျမတို့ စည်းတွေ ဘောင်တွေ အင်မီတေးရှင်းတွေ အများ ကြီးရှိနေပါသေးတယ်။ ဒါကြောင့်ဒီရုပ်ရှင်ပွဲတော် ဟာ ရုပ်ရှင်ဆိုတာထက် ပိုတဲ့အနှစ်သာရတွေအများကြီးရရှိ ခဲ့ပါ တယ်။ နောက်ပြီးတော့ ကျမတို့ နိုင်ငံမှာ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရ သစ်ကြီး ပေါ်ပေါက်လာပြီ ဆိုပေ မယ့်လည်း တကယ်တော့ ကျမတို့ အင်စတီကျူးရှင်းကြီးထဲမှာ အင်မတန် မှ ကျော်ရဖြတ်ရခက်တဲ့ အတားအဆီးတွေအများကြီးရှိနေသေးတယ်ဆိုတာ အစိုးရသစ်ရဲ့စိန်ခေါ်မှုကြီးတခုအဖြစ် ရှိနေသေးတယ်ဆို တာ တွေ့နိုင်ပါ တယ်။ ဒါကြောင့် ဒီပြသခွင့်မရတဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီး ၀မ်းနည်းစွာ ပြောကြား လိုပါတယ်။- ဟု ပြောဆိုသွားသည် ။


လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ကတည်းက စတင်ကျင်းပလာပြီး ယခု ၂၀၁၆ ခုနှစ် တွင် လေး ကြိမ်မြောက် အဖြစ်ကျင်းပခဲ့ခြင်းဖြစ်သည် ။ ပြသခဲ့သည့် ၃ ကြိမ်တို့တွင် ပြည် တွင်း ရုပ်ရှင် ၈၅ ကားနှင့် ပြည်ပရုပ်ရှင် ၁၀၁ ကားပြသနိုင်ခဲ့ပြီး ကြည့်ရှုအားေ ပး သူ စုစုပေါင်း ၈ သောင်းကျော်ရှိခဲ့သည်ဟုလည်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates