အဖမ်းခံရသတင်းထောက် ၃ ဦးနှင့်တွေ့ဆုံခွင့်ရရေး သီပေါအမတ်အား အာဏာပိုင်များခွင့်မပြု
ဖမ်းဆီးခံထားရသော ဒီဝီဘီနှင့် ဧရာဝတီသတင်းထောက် ၃ ဦးတို့အား တွေ့ခွင့်တောင်းသည့်စာတင်ထားသော ကျားခေါင်း ပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းစမ်းစမ်းအေးထံ မိသားစုဝင်မဟုတ်သဖြင့် တွေ့ခွင့်မပေးကြောင်း သီပေါမြို့ အကျဉ်း ဦးစီးဌာန တာဝန်ခံအရာရှိရုံးကပြန်စာပေးပို့ခဲ့သည်။
အကျဉ်းသား၊ အချုပ်သားများအား မိသားစုဝင်များသာတွေ့ဆုံခွင့်ပြုပါကြောင်းအကြောင်းကြားသည့်စာကို ဂျူလိုင်လ ၅ ရက်နေ့က သီပေါမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးထံ ပေးပို့လာခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။
“ကျမ ပြည်နယ်လွှတ်တော်အမတ်အနေနဲ့လူထုတောင်းဆိုလာလို့ ကျမ သွားတွေ့ဆုံဖို့စာတင်လိုက်တာပါ။ ထောင်ထဲက သတင်းသမားတွေရဲ့ကျန်းမာရေးအခြေအနေကိုမေးမြန်းချင်တယ် ။ အမှန်တော့ တွေ့ခွင့်ရှိရမယ်။ သွားတွေ့ပြီးတော့ သူတို့ဘာတွေလိုအပ်သလဲဆိုတာမေးမြန်းရမယ်လေ ဆောင်ရွက်ပေးရမယ်လေ။ အခုပြည်နယ်လွှတ်တော်အမတ် ကိုတောင် မှတွေ့ခွင့်မပေးဆိုတော့ ……………” - ဟု နန်းစမ်းစမ်းအေးက သျှမ်းသံတော်ဆင့်အားပြောသည်။
အဆိုပါ အဖမ်းခံထားရသော သတင်းသမား ၃ ဦး၏ မိဘများမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိနေသည်ဖြစ်ရာ လာရောက် တွေ့ဆုံရန် ခက်ခဲ နေပါသဖြင့် မိဘ ၊ မိသားစုဝင်များကိုယ်စားတွေ့ခွင့်ပေးရန် နန်းစမ်းစမ်းအေးက ဂျွန်လ ၂၉ ရက်နေ့က သီပေါအကျဉ်းဦးစီးထံ စာဖို့ တောင်းဆိုထားခြင်းဖြစ်သည်။
သို့သော် ဂျူလိုင်လ ၂ ရက်နေ့ မနက် ၄ နာရီအချိန်က သီပေါမြို့ ရဲစခန်းတွင် ဗုံးပေါက်ကွဲရာ ကား ၂ စီးပျက်စီး၊ ရဲသား တဦး ဗုံးစထိမှန် ဒဏ်ရာရ မှုဖြစ်ခဲ့သဖြင့် နန်းစမ်းစမ်းအေး၏ တောင်းဆိုမှုအတွက်ပြန်စာအား ဂျူလိုင်လ ၅ ရက်နေ့မှ ပေးပို့လာခဲ့ကြောင်းသိရသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်တွင် ဂျူလိုင်လ ၂၆ ရက်နေ့က TNLA မှ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားမှ သတင်းရယူပြီးအပြန် ဒီဝီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်၊ အကြီးတန်းသတင်းထောက် ဦးအေးနိုင် နှင့် ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်တို့အား တပ်မတော်မှ ဖမ်းဆီးကာ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။
RFA သတင်းဌာနကမူ အဆိုပါ သတင်းသမား ၃ ဦးအား သီပေါမြို့အချုပ်ခန်းမှ နမ့်ဆန်အချုပ်ခန်းသို့ ပို့ဆောင်လွဲ ပြောင်းလိုက်ပြီဖြစ်ကြောင်း ၊ဂျူလိုင်လ ၁၁ ရက်နေ့တွင်ပထမအကြိမ်ရုံးတင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
Tags: Human Right, News