TNLA နှင့် RCSS ကြားတိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ခန့် နမ္မတူမြို့ပေါ် စစ်ဘေးရှောင်
ဂျူလိုင်လဆန်းပိုင်းကစ၍ စစ်ရေးတင်းမာမှု နှင့် အတူ ယမန့်က TNLA နှင့် RCSS ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျေးလက်ဒေသခံ ၃၀၀ ခန့် နမ္မတူမြို့ ပေါ် စစ်ဘေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
ဂျူလိုင် ၄ ရက် နံနက် ၁၀ နာရီခန့်မှ မွန်းလွဲပိုင်းအထိ ဖြစ်ပွားသော တိုက်ပွဲကြောင့် နမ္မတူမြို့ အရှေ့ ဘက် ၁၀ မိုင်ခန့်အကွာ လွိုင်ပေးကျေးရွာ အုပ်စုဝင် ပန်လော့၊ ပန်တန်၊ ပန်ကောင်းလွိုင် ၊ ကောင်းကြုံ စသည့် ကျေး လက်ဒေသခံ ၂၉၀ ကျော် နမ္မတူမြို့ ဗုဗ္ဗာရုံကျောင်းတိုက်သို့ တိမ်းရှောင်လာကြသည်ဟု ဆိုသည်။
“တိုက်ပွဲက ရွာနားမှာလာဖြစ်တယ်။ TNLA နဲ့ RCSS လေ။ ရွာသူရွာသားတွေက - တချို့က တော လမ်းဖြတ်ပြီး ထွက်ပြေးတယ်။ တချို့ရွာကလဲ ဆိုင်ကယ်နဲ့ ကားနဲ့ ရောက်လာကြတယ်။ ကျနော်တို့ ကူညီရေးကော်မတီအနေနဲ့လဲ တတ်နိုင်တဲ့ ဘက်ကနေ ကားနဲ့ သွားကြိုတယ်။ ဆိုင်းခေါဝ်ရွာကနေ ဒီကိုရောက်တဲ့ အထိပေါ့” - ဟု နမ္မတူမြို့ စစ်ဘေးရှောင်များ ကူညီနေ ရာချထားရေးကော်မတီ ဒုတိယ ဥက္ကဌ စိုင်းဘဉာဏ် က ပြောသည်။
နမ္မတူမြို့သို့ တိမ်းရှောင်လာသည့် ကျေးလက်ရွာခံများတွင် အမျိုးသမီးနှင့် ကလေးငယ် အများဆုံး ဖြစ်ကြောင်း၊ အိမ်ခြေ ၇၈ အိမ်ထောင်စု၊ လူဦးရေ ၂၉၀ ကျော် သည်ဟု ဆိုသည်။
လက်ရှိစစ်ဘေးရှောင်များအား စာပေယဉ်ကျေးမှုကော်မတီဝင်များ၊ ဒေသခံများ၊ နိုင်ငံတကာကူညီ ကယ်ဆယ်ရေးကော်မတီ IRC တို့က လိုအပ်သည့် ပံ့ပိုးမှုများပေးနေကြောင်း သိရသည်။
ယခင်က အစိုးရတပ်မတော် နှင့် TNLA တအာင်းပလောင်တပ် တို့ အကြားဖြစ်ပွားသော တိုက်ပွဲ ကြောင့် ဒေသခံ ၅၀၀ ကျော် လည်း နေရပ်မပြန်နိုင်သေးကြောင်း၊ လီဆူး ခရစ်ယန်ဘုရားကျောင်း၊ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်း၊ ဝမ့်ကျူဆော့၊ ရွှေမြင်သာဘုန်းကြီးကျောင်းတို့ တွင် ခိုလှုံနေသေးသည်ဟုဆိုသည်။
Tags: News, War