SSNA ရဲဘော်ဟောင်း အယောက် ၄၀ လွှတ်ငြိမ်းချမ်းသာခွင့်ရ



လက်နက်ချစဉ်ကတည်းက လွတ်ရက်မရှိ ချုပ်နှောင်ထားခြင်းခံရသော (ယခင်က) SSNA  စဝ်ကန္န၏ ရဲဘော် အယောက် ၄၀ အား နိုင်ငံရေးအကျဉ်းသားစစ်ဆေးရေးကော်မတီ၌ ပါဝင်ခွင့်ရခဲ့သော SNLD  ၏ ကြိုးပမ်းမှုဖြင့် ယမန်နေ့ကလွတ်မြောက် ကြောင်း ပါတီဝင်လူငယ်များက ပြောပါသည်။

release 40 SSNAပြန်လည်လွတ်မြောက်လာသော SSNA ရဲဘော် ၄၀ ဦး

“နိုင်ငံရေးအကျဉ်းသားစစ်ဆေးရေးကော်မတီမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် SNLD  ဥက္ကဌ နဲ့ အထွေထွေအတွင်းရေးမှူးတို့ရဲ့ စာတင်ပြတောင်းဆိုမှုကြောင့် ၁၀ နှစ်နီးပါးအကျဉ်းထောင်ထဲရောက်နေရတဲ့ SSNA  စဝ်ကန္နရဲ့ရဲဘော် ၄၀ ကျော်ကို အစိုးရက လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မနေ့က သူတို့ကို သာယာဝတီထောင်မှာသွားကြိုလာပါပြီ။ မနက်ဖြန် သူတို့ရဲ့ မိဘဆွေမျိုးတွေဆီ ပြန်လည်ပေးအပ်ပွဲကို SNLD ကနေ ကမကထပြုပြီး လားရှိုးမှာကျင်းပပါမယ်” ဟု သျှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ လားရှိုးမြို့နယ် ပြောခွင့်ရ စိုင်းလူက သျှမ်းသံတော်ဆင့်အားပြောသည်။

SSNA ၏  စဝ်ကန္နဦးဆောင်သောတပ်မဟာ ၁၁ လက်အောက်ခံ သိန္နီမြို့နယ်အတွင်းလှုပ်ရှားသည့်တပ်ရင်းမှရဲဘော်များ ဖြစ်သည်။   စစ်အစိုးရ၏ လွှတ်ရက်မရှိသော ပြစ်ဒဏ်ဖြင့်  အမိန့်ချခြင်းခံရသော ၎င်းရဲဘော် ၄၀ ဦးအပါအဝင် ယမန် နေ့က အကျဉ်းသား ၉၃ ဦးကို မြန်မာအစိုးရက လွှတ်ပေးလိုက်သည်။ အဆိုပါ ၉၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၅၉ ဦးပါဝင် သည်ဟု  လွှတ်မြောက်ရေးကြိုးပမ်းသူ လူငယ်တဦးကလည်းပြောပါသည်။

လွတ်မြောက်ရဲဘော် ၄၀ ကျော်အား သန္နီမှ ဆွေမျိုးမိဘအယောက် ၁၀၀ ကျော်က လားရှိုးမြို့သို့ရောက်ရှိစောင့်ကြိုကြောင်း အပ်နှင်းပွဲကို လားရှိုးမြို့  SNLD ရုံး၌ ဧပြီ ၂၅ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း ဆိုပါသည်။

“  စဝ်ကန္နရဲ့ ရဲဘော် အယောက် ၄၀ (အားလုံးနီးပါး လက်နက်ကိုင်ရဲဘော်တွေ) လွတ်မြောက်နိုင်ဖို့အတွက် SNLD အနေနဲ့ အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ကာ ကြိုးပမ်းခဲ့ရပါတယ်။ သူတို့လွတ်မြောက်လာတဲ့ အယောက် ၉၀ ကျော်မှာ သျှမ်းနိုင်ငံ ရေး အကျဉ်းသား ၃ ယောက်ပါတယ်လို့ကြားရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက် အလက်ကိုတောင်း ထား တုန်းဖြစ်ပါတယ် ” ဟု စိုင်းလူက ဆက်လက်ပြောပြသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေမုဒ်မ ၄၀၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေငြာခဲ့သော်လည်း SNLD ၏ လူငယ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်သော စိုင်းလူက   EU ၏ စီးပွါးရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းမျိုးမဖြစ်စေလိုကြောင်း၊ ယနေ့တိုင် လွတ်မြောက်ခြင်းမရှိ သေးသည့် နိုင်ငံရေး အကျဉ်းသား ၄၀၀ ဝန်းကျင် ရှိနေသေးကြောင်း၊ ကျန်နေသေးသည့်အဆိုပါ အကျဉ်းသားများထပ်မံ လွတ်မြောက်ရေးအတွက် SNLD မှ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း  ပြောပါသည်။

စစ်အစိုးရလက်ထက် ၂၀၀၅ နှစ်လယ်က SSNA ၏  စဝ်ကန္နဦးဆောင်သော တပ်မဟာ ၁၁ လက် လက်အောက်ခံများ နက်ချအလင်းဝင်ခဲ့သော်လည်း ၎င်းတို့အား စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့သည်။ သို့သော် စစ်အစိုးရနှင့် ရင်းနှီးသည့် ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ အဖမ်းခံရခြင်းမရှိခဲ့ပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates