ကိုးကန့် ဒေသ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲစာရင်း ကောက်ယူနေ
တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်း ကောက် ယူမှုများ ပြုလုပ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများကို ကိုးကန့်ဒေသသို့ စေလွတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
![]() |
ကိုးကန့်ဒေသ အခြေအနေတင်းမာစဉ် |
ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ကောက်ယူနိုင်ရန် ဆောင်ရွက် လာရခြင်း မှာဒေသအတွင်း တည်ငြိမ်လာမှုနှင့် ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့ တဘက်သတ် အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ချက်များကြောင့် ဖြစ်ကြောင်းလည်း သိရသည်။
‘သူတို့ရဲ့ ဂျွန်လ ၁၀ ရက်နေ့ ထုတ်ပြန်တဲ့ တဘက်သတ် အပစ်ခတ်ရပ်စဲရေး ကြေငြာချက်ထဲမှာ လည်းပါတယ် လေ။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုတဲ့ ကိစ္စကို ပြောထားတယ်။ အဲဒါကြောင့်လည်း ပါတယ်။ ဒေသခံတွေ အနေ နဲ့တတ်နိုင်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ မိမိဆန္ဒနဲ့အညီ ဒေသအလိုက်ကိုယ်စားလှယ်လောင်း တွေကို ရွေးနိုင်အောင်လည်းပါတာပေါ့လေ ‘ ဟု အဆိုပါ ကော်မရှင် တာဝန်ရှိသူက ပြောသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး၏ ပြောဆိုချက်ကို အခြေခံပြီး ဖော်ပြထားသည့် ပြည်တွင်းအခြေ စိုက် ရန်ကုန်တိုင်မ်း ဂျာနယ် ဖော်ပြချက်တွင်မူ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို နေရာ အနှံ့ အပြားတွင် ကျင်းပလိုသည့်အတွက်ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပြီး ၂၀၁၀ ရွေးကောက်ပွဲကာလက မဲစာရင်းကို အခြေခံ ပြီးကောက်ခံသွားရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
လေ့လာသူများ အဆိုအရမူ ဒေသတွင်းကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်လာနိုင်ခြင်း ၊ ၂၀၁၀ နှင့် စာလျှင် ကိုးကန့်ဒေသတွင် လူထုထောက်ခံသည့် တိုင်းရင်းသားပါတီများ ပြန်လည်ပေါ်ပေါက် လာခြင်း၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးနေမှုများအရ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှာ လုပ်ပိုင်ခွင့် ပိုမိုရရှိလာနိုင်ခြင်းတို့ကြောင့် ကိုးကန့် MNDAA အဖွဲ့မှာ ဒေသ အတွင်း ရွေးကောက်ပွဲကျင်းပ နိုင်ရန် အတွက် ခြေလှမ်းတလှမ်းနောက်ဆုတ်ပေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
‘ကိုးကန့်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်လာတာက ဒေသတွင်း တည်ငြိမ်လာတယ်ဆိုတဲ့ သဘောပဲ။ ဒီကိစ္စက တကယ်ဖြစ်ရင် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ တိုက်ပွဲတွေလျှော့ချရေးတို့အတွက် အထောက်အကူ ပြုစေလိမ့်မယ်။’ ဟု မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက သုံးသပ်သည်။
လေးလတာဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် ( ကိုးကန့်) အဖွဲ့တို့၏တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒုက္ခသည်များမှာ တရုတ်နိုင်ငံ အတွင်းတွင် ၀င်ရောက်ခိုလှုံနေရပြီး လက်ရှိအချိန်အထိ ကိုးကန့်အဖွဲ့နှင့် အစိုးရတို့မှာ ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။
Tags: News, politic