SD နှင့် UPWC ဆွေးနွေးပွဲ ဒုတိယနေ့ SSR ကို အကြိတ် အနယ် ဆွေးနွေး
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲဒုတိယနေ့တွင် လုံခြုံရေး ကဏ္ဍပြုပြင် ပြောင်းလဲရေး ကိစ္စ SSR နှင့် ပတ်သက်၍ နေ့လည်ပိုင်း အထိ အကြိတ် အနယ် ဆွေးနွေး နေရကြောင်း ဆွေးနွေး ပွဲတက်ရောက် နေသူ တဦးက ပြောသည်။
ဂျူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်း ဆွေးနွေးမှုများ ပြီးသည်အထိ လော်ခီးလာညီလာခံမှ အဆိုပြု ထားသည့် အချက် ၁၂ ချက်အနက် ၆ ချက်ကိုသဘောတူညီထားနိုင်ခဲ့ပြီး အချက် ၁ ချက်မှာ ဆက်လက် ဆွေးနွေး နေဆဲ ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင် ရေး ဗဟိုဌာနမှ အကြီးတန်းအကြံပေးဦးလှမောင်ရွှေက သူ၏ ဖေ့စ်ဘုခ်စာမျက်နှာတွင် ရေးသားထားသည်။
SSR နှင့် ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်နေသည့်တိုင်းရင်းသား ကိုယ်စားလှယ် တဦးက ‘ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ SD ဘက် က SSR ကိုလမ်းပြမြေပုံထဲထည့် ချင်နေ တယ်။ UPWC ကတော့ လက်မခံဘူး ‘ ဟု အဆိုပါအမည်မဖော်လိုသည့် အဆိုပါ တိုင်းရင်းသား ကိုယ်စား လှယ်က ဂျူလိုင်လ ၂၃ ရက်နေ့ နေ့လည်ပိုင်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဆက်သွယ် မေးမြန်းမှုကိုဖြေကြားသည်။
အဆိုပါ အကြိတ်အနယ်ဆွေးနွေးနေရသည့်အချက်မှာ ဆွေးနွေးပွဲတပွဲလုံးတွင်အရေးပါ ဆုံး အဆုံး အဖြတ် ပေးနိုင်သည့် အချက်များ အနက် ပါဝင်သည်ဟု လေ့လာသူများကခန့်မှန်းထားကြ သည်။
ထို့ကြောင့် ဆွေးနွေးပွဲညနေပိုင်းတွင် SSR အားဆက်လက်မဆွေးနွေးတော့ဘဲ အစည်းအဝေး မှတ်ချက်ဖြင့် နောက်မှ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်ဟု တိုင်းရင်းသားဘက်မှ ပုဂ္ဂိုလ်တဦးက ပြောဆိုပါသည်။
လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ၊ လက်နက်များဖြုတ်သိမ်းရေး ၊လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး DDR SSR နှင့် ပတ်သက်၍ အပစ်ရပ်ပြီးနောက်ပိုင်း နိုင်ငံရေး အရ သဘော တူညီမှု ရရှိပါက တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် လက်နက်ဖြုတ်သိမ်း သွားရန်ဆိုသည့်DDR ကို မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်မတော်ကာ ကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဘီဘီစီနှင့် တွေ့ဆုံ မေးမြန်းခန်း တွင်ပြော ဆို ထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ လက်ရှိအဖွဲ့များကို မဖျက်သိမ်းပဲအင်အား အတန်အသင့် သတ်မှတ်၍ လျှော့ချခြင်းများ ပြုလုပ်ပြီး ပြည်နယ်စောင့်တပ် ၊ စစ်ရဲ သို့မဟုတ် ရဲတပ်ဖွဲ့များ အဖြစ် ပြောင်းလဲနိုင်သည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆိုသည့်အချက်ကို အပစ်ခတ်ရပ်စဲရေး စာချုပ်တွင်ထည့်သွင်း လိုသည်။
ကျင်းပနေသည့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD တို့၏ ဆွေးနွေးပွဲမှာ နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရေး အတွက် စာချုပ်အချော သတ် ထွက်ရှိလာနိုင်ရန် ဆွေးနွေးနေ ခြင်းဖြစ်ပြီး လော်ခီးလာ ( ကေအန်ယူ ဌာနချုပ်) တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင် များ ညီလာခံမှ ထပ်မံဖြည့်စွက်ရန် အဆိုပြုထားသည့် အချက် ၁၂ ချက်ကို အဓိကထား ဆွေးနွေး နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
Tags: News, politic


