NCA တွင် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး ပါဝင်နိုင်ရေး SSPP/SSA ကြိုးပမ်းမည်



ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်  အားလုံး ပါဝင်လာနိုင်ရေးနှင့် နိုင်ငံရေး ပြသနာများ ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေးတို့ အတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၂၀၁၅ ခု သြဂတ်စ်လ ၁၆ ရက်နေ့က ဌာနချုပ် ၀မ်ဟိုင်းတွင် ကျင်းပခဲ့သည့် သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA ၏ ၄၄ နှစ်မြောက် ပါတီမွေးနေ့တွင် ဗဟို ကော်မတီဝင်များ ဆုံးဖြတ်ချသည်ဟု သိရသည်။


“အဓိကကတော့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီအောင် နိုင်ငံတဝှမ်းက တိုက်ပွဲတွေ ရပ်တန့်သွားအောင် အတွက် ရည်ရွယ်ထားတဲ့ အတွက် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်လာဖို့ဆိုတာက အဓိက ကျပါတယ်”- ဟု သျှမ်းပြည် တပ်မတော် SSA/SSPP အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။


ယင်းကဲ့သို့ ကြိုးစားမည်ဟုဆိုရာတွင် အစိုးရဘက်မှ လက်မှတ်ရေးထိုးရန် လက်မခံသေးသည့် အဖွဲ့များ ကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ရန်မည်သို့ ဆောင်ရွက်ပေးသွားမည် ဆိုသည်ကိုမူ SSPP တာဝန်ရှိ သူက အတိ အကျ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။


လက်ရှိအချိန်အထိ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးပြုလုပ်ရာတွင် ပါဝင်လက်မှတ် ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကိုသာ အစိုးရဘက်က လက်ခံထားပြီး ကိုးကန့် ၊ တအာင်း ပလောင် TNLA ၊ အေအေ ရခိုင် ၊ လားဟူ LDU ၊  WNO ၊ အေအန်စီ ရခိုင်အမျိုးသားကောင်စီ စသည့်အဖွဲ့များကို လက်မှတ် ထိုးမည့် အဖွဲ့များအဖြစ် သတ်မှတ်ထားခြင်း မရှိသေးပေ။


ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်မှာ နိုင်ငံရေးဆိုင်ရာ ပြသနာရပ်များ အပေါ်အခြေခံပြီး ဖြစ်ပွားနေသည့်  အတွက်နိုင်ငံရေး ပြသနာဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပေါ်ပေါက်လာရန် ကြိုးစားသွားမည်ဟု SSPP/SSA ဗဟိုကော်မတီ အစည်းဝေးတွင် ဆုံးဖြတ်ထားကြောင်းလည်း စဝ်ခွန်ဆိုင်က ပြောသည်။


SSPP/SSA အနေဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးသင့် ၊ မသင့်နှင့် ပတ်သက် ပြီး လူထုဆန္ဒ ခံယူပွဲများကိုသူတို့ အဖွဲ့ လှုပ်ရှားနယ်မြေများဖြစ်သည့် ကျေးသီး ၊ မိုင်းရယ် ၊
မိုင်းရှူး ၊ မိုင်းနောင် ၊ သီပေါ၊ မူဆယ် ၊ နမ့်ခမ်း၊  ကျောက်မဲ ၊ နောင်ချို ၊ တန့်ယန်း စသည့်မြို့နယ်များ တွင် ပြီးခဲ့သည့် အပတ်အတွင်းက ကျင်းပခဲ့ပြီး ပြည်သူများက စစ်မှန်သည့် ငြိမ်းချမ်းရေး ရယူလိုသည်ဟု ဆန္ဒပြုခဲ့ကြောင်း သိရသည်။


အလားတူ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ မှလည်း ငြိမ်းချမ်းရေးအတွက် လူထုဆန္ဒခံယူပွဲ များကို ကချင် လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နယ်မြေများတွင် ပြုလုပ်ကျင်းပနေကြောင်း ကချင် လွတ်မြော်ကရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။


တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မည်သောအခါမှ မစည်းရုံးနိုင်ကြောင်း ၊ မည်သောအခါမှ တနိုင်ငံလုံး အပစ်ရပ်နိုင်မည် နိုင်ငံရေး ဆွေးနွေးနိုင်မည် မသိသောကြောင့် အစိုးရ ၏ သဘောထားသည် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တိုက်ဆိုင်သောကြောင့် NCA အပစ်ရပ်လက်မှတ် ရေးထိုး မည်ဟု ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၊ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့်တို့ တွင်းလည်း သီးခြားစီ လက်မှတ်ရေးလာခဲ့ပြီးဖြစ်ကြောင်း ၊ မည်သို့ပင်ဆိုစေ သျှမ်းပြည် တပ်မတော် RCSS/SSA အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးလာနိုင်ရေးအတွက် ပံ့ပိုးကူညီမှု ပေးသွားမည်ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီးစိုင်းလှ ကပြောသည်။


သြဂတ်စ် ၁၇ ရက်နေ့က သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် KNU, KNU-KNLA(PC) , DKBA တို့က တွေ့ဆုံဆွေးနွေးကာ NCA လက်မှတ် ရေးထိုးသွား မည်ဟု ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates