တောင်ကြီးမြို့နယ် SNLD ရုံးဆိုင်းဘုတ်တင်ပွဲ RCSS/SSA တပ်ဖွဲ့ တက်ရောက်အားပေး



တောင်ကြီးမြို့နယ် နန်းဟောင်းမွေတော် ကျေးရွာတွင်  အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပခဲ့သော SNLD ကျားခေါင်းပါတီ၏ ဆိုင်းဘုတ်တင်ပွဲသို့ ဒေသအတွင်း လှုပ်ရှားနေသည့် RCSS/SSA သျှမ်းပြည် တပ်မတော်မှ တပ်ဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည် ။


“ တပ်ဖွဲ့ဝင် ၅၀ လောက်ရှိတယ် ရောက်လာကြတာ ။ အားလုံး နွေးနွေး ထွေးထွေးပါပဲ ။ အခမ်းအနားပြီးမှ ပြန်သွားကြတယ် ။ တွေ့ရလိမ့်မယ်လို့တောင် မမျှော်လင့်မိဘူး ။ တွေ့ရတော့လည်း ကိုယ့်တိုင်းရင်း သားအချင်းချင်းဆိုတော့ အတိုင်းမသိ ၀မ်းသာပါတယ် ။ ” -  ဟု တောင်ကြီးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့်  ကျားခေါင်းပါတီ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ နန်းမြဦးက ပြောသည် ။


ယခုကဲ့သို့ လာရောက်အားပေးမှုမှာ သျှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် မဲဆွယ် စည်းရုံးခွင့် ပြန်လည်ခွင့်ပြုကြောင်း RCSS/SSA မှ ကြေငြာပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲဆွယ်စည်းရုံးမှုများကို လာရောက်အားပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည် ။


လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား သျှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အချို့ရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးမှု ခေတ္တ ရပ်နားထားကြရန် RCSS/SSA မှ ကြေငြာချက် ထုတ်ပြန်ခဲ့သည် ။


ယင်းနောက်ပိုင်း အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မဲဆွယ်စည်းရုံးရေးဆင်းမည့် ပါတီများအနေဖြင့် ဆက်ဆံရေးရုံးများတွင် အကြောင်းကြားပြီး စည်းရုံးရေးဆင်းကြရန် ဆိုသည့်အချက်ဖြင့် RCSS/SSA မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မဲဆွယ်စည်းရုံးခွင့်  ပြန်လည် ခွင့်ပြုပေးခဲ့သည် ။


“ ကျမကတော့ ကိုယ်ကလည်း တိုင်းရင်းသား ဆိုတော့ မကြောက်ပါဘူး ။ တိုင်းရင်းသားအရေးနဲ့ ငြိမ်း ချမ်းရေးက တိုက်ရိုက်ဆက်နွယ် နေတယ် ။ တချို့ကလည်း ကျမပြိုင်မဲ့ နယ်မြေထဲမှာ သူတို့ ရှိနေ မှန်း တောင် သေချာ မသိဘူး ။ ဖေ့စ်ဘုခ်မှာ ပုံတွေ တင်လိုက်တော့ တချို့ကလည်း ၁၇ (၁) နဲ့ ညှိနိုင်တယ်လို့ သတိပေးတယ် ။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးမှ အဲဒီပုဒ်မနဲ့ ညှိစွန်း မယ်ဆိုရင်လည်း မတတ်နိုင်ပါဘူး ။ ကျမ ကလည်း တိုင်းရင်းသားအရေး လုပ်မဲ့ သူဆိုတော့လေ ” - ဟု နန်းမြဦးက ပြောပါသည် ။


အန်အယ်လ်ဒီပါတီ အပါအဝင် ပါတီအချို့မှ တိုင်းရင်းသား လက်နက်ကိုင်များအပါဝင် မတရားအသင်း များနှင့် ဆက်သွယ်မှု မပြုလုပ်ရန် တရားဝင် ကြေငြာချက် ထုတ်ပြန်ထားသည် ။


ယမန်နှစ်က ဖွဲ့စည်းထားသည့် သျှမ်းပြည်ညီညွှတ်ရေး ကော်မတီ CSSU တွင် ကျားခေါင်း SNLD အပြင် ကျားဖြူပါတီ SNDP ၊ သျှမ်းပြည်တပ်မတော် RCSS,  SSPP နှင့် ဆင်ကျော့ဌာနေပြည်သူ့စစ် တို့ ပါဝင်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates