ရွေးကောက်ပွဲ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး မှ လာမည့် ၅ နှစ်အတွက် SNLD လုပ်ငန်းစဉ် များဆွေးနွေး



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တွင်ကျင်းပခဲ့သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြန် လည်သုံး သပ်ခြင်း အစည်းအဝေးမှ လာမည့် ၅ နှစ်အတွင်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည် ။

SNLD ပါတီ၏ ကျောက်မဲမြို့ ကိုယ်စားလှယ်များစုံညီ အစည်းအဝေး
နိုဝင်ဘာ ၂၈-၃၀ ရက်နေ့အထိ ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက် တွင်ကျင်းပသည့် အစည်းအဝေးတွင် ရွေးကောက်ပွဲ အနိုင်ရလွှတ် တော်ကိုယ်စားလှယ်လောင်းများ အတွက်လုပ်ငန်း နှင့် အနိုင်မရသည့် ပုဂ္ဂိုလ်များအတွက် လွှတ်တောင်ပြင်ပ လုပ်ငန်းများ ဆွေးနွေးနိုင်ခဲ့ ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က စိုင်းလိတ်က ပြောဆိုပါသည် ။


“ လူငယ်တွေဟာ အနာဂတ် နိုင်ငံရေးအတွက် အင်အားကြီး တရပ်ဖြစ်တယ် ။ ဒါကြောင့် လူငယ်ဖွံ့ဖြိုး တိုး တက်ရေးအတွက် လူငယ်ကော်မတီ တရပ်ဖွဲ့မယ် ၊ နောက်ပြီး CSO/CBO တွေနဲ့ ဆက်သွယ် လက်တွဲဆောင်ရွက်သွားဖို့ အတွက်လည်း ကျနော်တို့စီစဉ်မယ် ။ ဥပဒေ ပိုင်းဆိုင်ရာ ကော်မတီတွေ ဖွဲ့စည်းသွားမယ် ။ ရှိပြီးသား အမျိုးသမီးကော်မတီကိုလည်း အင်အားတောင့်တင်းလာအောင် အင်အားထပ်ဖြည့်မယ် ” ဟု စိုင်းလိတ်က ပြောသည် ။


အဆိုပါ အစည်းအဝေးပွဲသို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် နှင့် အရံဗဟိုကော်မတီဝင် ၊ လက်ရှိလွှတ်တော်ကိုယ်စား လှယ်နှင့် 2015 ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားလုံး အပါအဝင် တက်ရောက်သူ အယောက် ၂၀၀ နီးပါးတက်ရောက်သည်ဟု သိရသည် ။


အဆိုပါအစည်းအဝေးတွင် ပါတီဥက္ကဌကြီး ခွန်ထွန်းဦးက “ ကျနော်တို့ SSJAC / CSSU / UNA အစရှိ အဖွဲ့တွေမှာ အလုပ်လုပ်နေတာဟာ ကျနော်တို့ ပါတီတခုတည်းအတွက် ၊ ကျနော်တို့ သျှမ်းတခု တည်းအတွက် မဟုတ်ပါဘူး ။ တခြားသော တိုင်းရင်းသားတွေနဲ့ ချိတ်ဆက်လက်တွဲ လုပ်ဆောင် သွားဖို့ပါ ။ ဒါအရေးကြီးဆုံးအချက်ပါဘဲ ” ဟု ပြောဆိုပါသည် ။


အဆိုပါအစည်းအဝေးမှ လွှတ်တော်ပိုင်းဆိုင်ရာ ကော်မတီကိုပါဖွဲ့စည်းထားကြောင်း သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ဝင်ရောက်ယှဉ်ပြိုင်သည့်  SNLD ကိုယ်စားလှယ် နန်းနွန်းက ပြောသည် ။


“ လွှတ်တော်ပိုင်းဆိုင်ရာ လုပ်ငန်းအတွက်လည်း ပါတီကနေ ကော်မတီတရပ် ဖွဲ့စည်းနိုင်တယ် ။ အဲဒီမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၁ ဦးနဲ့ ပြည်နယ် ၂ ဦး ၊ နောက်ပြီးတော့ ဗဟိုကော်မတီဝင် ၃ ဦးပါဝင်တယ် ။ လုပ်ငန်း ဆောင်တာတွေကို ဦးဆောင်လုပ်ဆောင် သွားဖို့ဖြစ်တယ် ”  ဟု ဆိုပါသည် ။


နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတွင် ကျားခေါင်းပါတီဟု အများက သိကြသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ၁၆၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော် နေရာ ၄၀ အနိုင်ရရှိခဲ့သည် ။ အမျိုးသားလွှတ်တော် ၃ နေရာ ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၅ နေရာတို့ ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates