ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်ရန်လိုအပ် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် စဲရေး NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အာဏာလွှဲပြောင်းလက်ခံရယူပြီးနောက်ပိုင်း တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည် ။
နေပြည်တော်တွင်ရောက်ရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ် များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၁၇ ရက် က တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည် ဟု သိရသည် ။
“ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေနဲ့ တွေ့ဖို့ကတော့ အာဏာလွှဲပြောင်းရယူပြီးမှ ဖြစ်နိုင်မယ် ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် ” ဟု တွေ့ဆုံဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဖြစ်သည့် KNU ၊ KNLA/PC ၊ DKBA ၊ RCSS/SSA ၊ CNF၊ALP ၊ PNLO ၊ ABSDF စသည့်အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် ပူးတွဲကော်မတီ တစ်ရပ် ကို ဖွဲ့စည်းရန်လည်း အဆိုပါတွေ့ဆုံမှုတွင် သဘောတူခဲ့သည်ဟု သိရသည် ။
ယခုကဲ့သို့ NCAလက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုး ခြင်းမရှိ သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့၏တွေ့ဆုံမှုမှာ လာမည့်အစိုးရလက်ထက်တွင် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ကောင်းမွန်သည့် အလားအလာဖြစ်ကြောင်း RCSS/SSA အကြံပေးနှင့် ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက မှတ်ချက်ပြု ပြောဆိုသည် ။
“ ငြိမ်းချမ်းရေးအတွက် လုပ်မယ်ဆိုရင် ကောင်းတယ်လို့ပဲပြောရမယ် အမြင်မတူလို့ စစ်တိုက် တယ် ၊ ရန်ဖက်အဖြစ်ပြုမူတယ် ၊ ပူးပေါင်းဆောင်ရွက်မှုမရှိတော့ဘူး ဆိုတာ တွေကမကောင်း ပါဘူး ”ဟု ဦးခွန်ဆိုင်းက ပြောသည် ။
အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KIO ကချင်လွတ် မြောက်ရေး အဖွဲ့ ၊ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ ၊ သျှမ်းပြည် တိုးတက်ရေး ပါတီ ၊ တအာင်း ပလောင် အဖွဲ့TNLA / PSLF ၊ ကရင်နီ KNPP ၊ မွန်ပြည်သစ် NMSP ၊ MNDAA ကိုးကန့် စသည့်အဖွဲ့ များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည် ။
Tags: News, politic