မိုင်းရှူး ကျေးသီးမြို့နယ်အတွက် ရွေးကောက်ပွဲ NLD အစိုးရလက်ထက်မှသာ ကျင်းပနိုင်မည်



သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် ရွေးကောက် ပွဲမကျင်းပခဲ့ရသည့် မိုင်းရှူး ၊ ကျေးသီး စသည့်မြို့နယ်များအတွက် ရွေးကောက်ပွဲများကို  လာမည့် NLD အစိုးရသစ်လက်ထက်မှသာ ကျင်းပနိုင်တော့မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက အတည်ပြု ပြောဆိုသည် ။


SSPP/SSA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ရပ်တန့်သွားပြီ ဖြစ်သောကြောင့် ရွေးကောက် ပွဲရွှေ့ဆိုင်းထားသည့် မိုင်းရှူး နှင့် ကျေးသီးမြို့နယ် အတွင်း မဲဆန္ဒနယ်များအတွက် ယခုအစိုးရ လက်ကျန်သက်တမ်းအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရန်ရှိ ၊ မရှိဆိုသည်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် လာမည့်အစိုးရလက်ထက်တွင် ဖွဲ့စည်းမည့် ကော်မရှင် လက်ထက်တွင်မှ ကျင်းပနိုင်တော့မည် ဖြစ်ကြောင်း ဦးတင်အေးက ဖြေကြားခဲ့ခြင်း ဖြစ်သည် ။


“ မရှိပါဘူး ကြားဖြတ်ကျမှပဲ ရမှာပဲ ။ ကျနော်က မလုပ်လိုက်တာက တိုက်ပွဲရပ်သွားပေမဲ့ အကုန် လုံး က အသားမကျသေးဘူးဖြစ်နေတယ် ။ ကျန်နော်တို့ဘက်မှာက အလွဲအပြောင်း လုပ်ငန်း လေး တွေကလည်း ရှိနေတဲ့အတွက် မလုပ်လိုက်တာပါ ။ နောင်ကျရင်လည်း လုပ်ပေးရမှာပါပဲ ။ နှစ်နေရာ ထဲနဲ့လည်း အပြောင်းလဲ သိပ်မဖြစ်နိုင်တော့ပါဘူး ။ ” ဟု ဦးတင်အေးက ပြောသည် ။


မိုင်းရှူး နှင့် ကျေးသီးတွင် မြို့နယ်တစ်မြို့နယ်လုံး ၊ တန့်ယန်းမြို့နယ်တွင် ကျေးရွာ အုပ်စုအချို့ နှင့် ဟိုပန်မြို့နယ်ရှိ ကျေးရွာအချို့တို့တွင်  ရွေးကေက်ပွဲကျင်းပရန် မဖြစ်နိုင်ဟုဆိုကာ  ရွေးကောက်ပွဲ ကာလ မရောက်မှီ နှစ်ပတ်ခန့်အလိုတွင်မှ အဆိုပါ နယ်မြေများတွင် ကျင်းပမည့် အစီအစဉ်ကို ဖျက် သိမ်းခဲ့ခြင်း ဖြစ်သည် ။


ဟိုပန်မြို့နယ်အတွင်းရှိကျေးရွာအချို့မှာမူ တိုက်ပွဲများကြောင့် မဟုတ်ဘဲ ၀ UWSA ထိန်းချုပ် နယ်မြေ အတွင်းကျရောက်နေသည့်အတွက် မကျင်းပခဲ့ခြင်း ဖြစ်သည် ။


“ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို တခြားဒေသတွေက ကိုယ်စား လှယ်တွေက သွားကူနေရတာ ၊ ဒေသခံပြည်သူတွေအတွက် နစ်နာမှုမရှိအောင် လုပ်တော့လုပ်ပေးသင့်ပါတယ် ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က  မှတ်ချက်ပြုပြောဆိုသည် ။


၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲကာလကလည်း ကေအိုင်အိုနှင့် တပ်မတော်တို့အကြား တိုက်ပွဲ အကြောင်းပြချက်ဖြင့် မဲဆန္ဒနယ် ၃ နေရာတွင် ရွေးကောက်ပွဲ ခဲ့ခြင်းမရှိပေ ။


နောက်ဆုံးအတည်ပြုလိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြင်ဆင်ချက် အရ အနည်းဆုံး တနေရာ လစ်လပ်ပါက ရွေးကောက်ပွဲအား ၆ လအတွင်း ကျင်းပရမည်ဖြစ်သဖြင့် မိုင်းရှူးကျေးသီး မဲ ဆန္ဒနယ်များအတွက် ရွေးကောက်ပွဲများမှာ ဧပြီ ၊ မေလ ခန့်တွင် ကျင်းပနိုင်မည်ဖြစ်သည် ။


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကျေးသီးမြို့နယ် နှင့် မိုင်းရှူးမြို့နယ် အတွင်း ရွေးကောက်ပွဲ ကျင်းပရန် ရုပ်သိမ်းလိုက်သည့်အတွက် အဆိုပါမြို့နယ်အတွင်း မဲဆန္ဒရှင် ၈ သောင်းကျော် မဲပေး ပိုင်ခွင့် ဆုံးရှုံးခဲ့ရသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates