တိုင်းရင်းသားများကို တပ်မတော်ထိုးစစ်ဆင်ခြင်းသည် ၂၁ ရာစုပင်လုံညီလာခံကို ချေဖျက်ရန်လုပ်ဆောင်ခြင်းလောဟု SSPP/SSA သံသယဝင်



နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက်နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းပြင်ဆင်နေချိန်တွင် တပ်မတော် အနေဖြင့် တိုင်းရင်းသားဒေသတွင် နယ်မြေစိုးမိုးရေး အကြောင်း ပြချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထိုးစစ်ဆင်နေခြင်း မှာ အစိုးရသစ်မှပြင်ဆင်နေသော ၂၁ ရာစု ပင်လုံညီလာခံကို ချေဖျက်ရန် လုပ်ဆောင်ခြင်းလောဟု သံသယဖြစ်မိကြောင်း SSPP/SSA သျှမ်းပြည်တပ်မတော်မှ သဘောထားကြေငြာ ချက်ထုတ်ပြန်သည် ။


မေလ ၁၉ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သော သဘောထားကြေငြာချက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ရာစု ပင်လုံညီလာခံကို နှစ်လအတွင်းကျင်းပလိုသည်ဟု ပြောဆိုချက်ကို ထောက်ခံကြောင်းဖော်ပြထားပြီး လားရှိုး ၊ သီပေါနယ်ရှိ SSPP/SSA စခန်းများကို အလုံးအရင်းနှင့် တိုက်ခိုက်နေမှုအပေါ်ကန့်ကွက်ကြောင်းလည်း ကြေငြာ ချက်တွင်ဖော်ပြထားသည် ။


" ကဆုန်လပြည့်နေ့တောင်တိုက်ပွဲငယ်နှစ်ပွဲဖြစ်နေတယ်။ လာတိုက်နေတုန်းပဲ " ဟု မေလ ၂၁ ရက်နေ့ ညနေပိုင်းတွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။


နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းများ ရပ်ဆိုင်းသင့်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းတောင်းဆိုထားသည် ။


ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲမှုပြုလုပ်ထားသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နှင့် အစိုးရ တပ်မတော်တို့အကြားလတ်တလော တိုက်ခိုက်မှုများကြောင့် ကျောက်မဲ ၊ သီပေါဒေသမှ ထောင်နှင့်ချီသော ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး တိုက်ပွဲများအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများလည်း ရှိနေကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates