တိုင်းရင်းသားများ ညီညွတ်စွာဖြင့် နိုင်ငံရေးပြသနာ အဖြေရှာရန် ကေအိုင်အို ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လ တိုက်တွန်း



တိုင်းရင်းသားလက်နက်ကိုင်ကိုင်အဖွဲ့များအကြား အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့ ၊ မရပ်ထားသည့်အဖွဲ့ဆိုသည့် ကန့်သတ်ချက်များမှာ မရှိသင့်ပဲ နိုင်ငံရေးပြဿနာကို အဖြေရှာရာတွင် အားလုံး စုစည်းညီညွတ်စွာဖြင့် အဖြေရှာကြရန် ကေအိုင်အို ကချင်လွတ်မြောက် ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ က တိုက်တွန်းလိုက်သည် ။


‘ အပစ်ရပ်အဖွဲ့နဲ့ အပစ်မရပ်ဆိုတဲ့ ကန့်သတ်ချက်တွေဟာ တိုင်းရင်းသားတွေအကြားမှာ မရှိသင့်ပါဘူး ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာသွားရမဲ့ တိုက်ပွဲမှာ တိုင်းရင်းသားတွေအကြား စုစည်းညီညွတ်မှုကို အခြေခံပြီး တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းပါတယ် ။ ‘ ဗိုလ်ချုပ်ကြီးအန်ဘန်လက ယနေ့စတင်ကျင်းပသည့် မိုင်ဂျာယန် တိုင်းရင်းသားမျက်နှာစုံညီအစည်းဝေးတွင် တိုက်တွန်းပြောဆိုသည် ။


အစိုးရမှ ဦးဆောင်ကျင်းပမည့် ၂၁ ပင်လုံညီလာခံအောင်မြင်စေရန်မှာ တိုင်းရင်းသားများအကြား စုစည်းမှုမှာ အရေးပါသဖြင့် ဘုံသဘောတူညီချက်ရရှိသည်အထိ ဆွေးနွေးညှိနှိုင်းကြရန်လည်း ကေအိုင်အို ဒုတိယ ဥက္ကဌက တိုက်တွန်းသည် ။


‘ အစိုးရက ၂၁ ပင်လုံညီလာခံဆိုပြီး နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးဖို့ရှိနေတယ် ။ တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်သွားနိုင်ဖို့အတွက် ဘုံသဘောထားတွေ သဘောတူညီစွာ ချမှတ်သွားနိုင်ဖို့ အရေးကြီးတယ် ။ ချမှတ်သွားနိုင်လို့လည်း ယုံကြည်တယ် ။ ဆွေးနွေးပွဲတလျှောက်မှာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား သံသယနဲ့ အမုန်းတရား ပွားများစေပြီး ယုံကြည်မှုနဲ့ စုစည်းညီညွတ်မှု ကျဆင်းစေတဲ့ အကြောင်းအရာတွေကို ရှောင်ရှားကြဖို့လည်း နိုးဆော်လိုတယ် ။ ‘ ဟု ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဒုတိယ ဥက္ကဌဖြစ်သူက တိုက်တွန်းပြောဆိုသည် ။


ယနေ့စတင်ကျင်းပသော တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်သည့် မိုင်ဂျာယန် အစည်းဝေးတွင် ပင်လုံ လက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း ၊ ဖက်ဒရာယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေများအတွက် အခြေခံမူများ ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအခြေခံမူနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်ပြင်ဆင်မှုတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း အစည်းဝေး ကျင်းပရေးကော်မတီ ဥက္ကဌ ခူးလ်ဦးရယ်က ပြောသည် ။


ဗိုလ်ချုပ်ကြီးအန်ဘန်လအနေဖြင့် တိုင်းရင်းသားတပ်ပေါင်းစု UNFC ကို ဦးဆောင်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ကာ ၁၉၄၇ ခုနစ်က ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားများ သဘောတူညီခဲ့သည့် နိုင်ငံရေးပဋိဉာဉ်အား ၂၁ ပင်လုံသို့ ဆက်လက်သယ်ဆောင်ကာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် အဖြေရှာမည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာရေး အကောင်ထည်ဖော်ပေးရန် တိုက်တွန်းခဲ့ကြောင်း မိုင်ဂျာယန် အစည်းဝေးအဖွင့် မိန့်ခွန်းပြောဆိုရာတွင်လည်း ပြောဆိုသည် ။


လက်ရှိအချိန်အထိ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရှိပြီး ၁၃ ဖွဲ့မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးကြောင်း သိရသည် ။ မိုင်ဂျာယန်တွင် ပြုလုပ်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ မျက်နှာစုံညီအစည်းဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပြင် ကုလသမဂ္ဂကို်ယ်စားလှယ် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်တို့ပါ တက်ရောက်ခဲ့သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates