သမိုင်းဝင်ပင်လုံမြို့၌ကျင်းပမည့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များညီလာခံ သျှမ်းပြည်နယ်အစိုးရ ဆိုင်းငံ့ မိန့်ဖြင့် တားမြစ်ထား



ဂျူလိုင်လ ၂၇ ရက်နေ့ မှ စ၍ ၅ ရက်ကြာ ကျင်းပမည့် ပြည်ထောင်စု တဝှမ်းလုံးရှိ တိုင်းရင်းသား လူငယ်များ ကိုယ်စားလှယ်အားလုံးပါဝင်မည့် ညီလာခံအား အကန့်အသတ်မရှိ ဆိုင်းငံ့ထားရန် သျှမ်းပြည်နယ်အစိုးရ က ဂျူလိုင် ၂၅ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည် ။


တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်မြောက်ရေးကော်မတီ ( Co-ordination Committee for National Ethnic Youth Conference CCNEYC ) မှ ကမကထပြုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ် များညီလာခံကို ၂၀၁၆ ဂျူလိုင် ၂၇ ရက်မှ - ၃၁ ရက်နေ့အထိ ပင်လုံမြို့ကျောက်တိုင်ကွင်း၌ ကျင်းပမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များ ညီလာခံကျင်းပပြုလုပ်ခွင့်နှင့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်အား တွေ့ဆုံခွင့် တင်ပြလာမှုအား ဆိုင်းငံ့ထားကြောင်း - သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က လက်မှတ်ထိုး ထုတ်ပြန်ထားသည် ။


“ ဒီညီလာခံဖြစ်မြောက်ဖို့က အခု မှ ကျနော်တို့ လုပ်တာမဟုတ်ဘူး ။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ပြင်ဆင်လာတယ် ။ ၂၁ ရာစု ပင်လုံတို့ မိုင်ဂျာယန်တို့ ဆိုတာ အခုမှ ပေါ်လာတဲ့ ဒိတ်တွေ။ ဒါကို ၂၁ ရာစု ပင်လုံကိုထိခိုက်မှာစိုးလို့ တာဝန်မယူဘူး ။ နေပြည်တော်ကိုဘဲ တင်ပါ စတာတွေ ပြောလာတယ် ။ ကျနော်တို့ လုပ်တာ ပြည်ထောင်စု အတွက်လုပ်တာ ။ လာမယ့်အနာဂတ်မှာ တိုင်းရင်းသားလူငယ်တွေ ပြည်ထောင်စုတာဝန်ကို ဆက်လက်သယ်ပိုး နိုင်ဖို့ ၊ အစိုးရကနေ ဝိုင်းပြီးပံ့ပိုးမှုပေးရင် သူတို့တောင် ခရက်ဒစ်ရသွားနိုင်တယ် ။ ကျနော်တို့ က  မူအတိုင်း ဘောင်အတိုင်းဘဲ လုပ်သွားနေတာ အားလုံးက ” - ဟု လူငယ်ညီလာခံဖြစ်မြောက်ရေး လူငယ်ခေါင်းဆောင် စိုင်းအောင်မြင့်ဦး က ပြောသည် ။


မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံဖြစ်မြောက်ရေးအတွက် သျှမ်းပြည်နယ်အစိုးရအား ဂျွန်လ ၃ ရက်နေ့က တကြိမ်၊ ဂျူလိုင် ၁၄ ရက်နေ့က တကြိမ် သျှမ်းပြည်နယ်အစိုးရ ရုံးထံသို့ သွားရောက်ကာ စာတင်ခဲ့သည် ။ ပြည်ထောင်စုအစိုးရ ထံလည်း ဂျူလိုင် ၂၂ ရက်နေ့ ရက်စွဲဖြင့် လျှောက်ထားစာ ပေးပို့ ခဲ့သည့် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံကျင်းပရန် ရက်ပိုင်းအလိုမှာ သျှမ်းပြည်နယ်အစိုးရက ဆိုင်းငံ့စာ ထုတ်ပြန်တားမြစ်လာခြင်းဖြစ်သည် ။


“ ကျနော်တို့တော့ ပြင်ဆင်ထားတဲ့  အတိုင်းဘဲ လုပ်သွားမယ်။ ကျနော်တို့လုပ်နေတာ ပြည်ထောင်စု ကြီးအတွက်ဘဲ၊ လက်နက်လဲမရှိဘူး ။ ငြိမ်းချမ်းတဲ့နည်းနဲ့ဘဲလုပ်တာ။ ဥပဒေဘောင်အတွင်းက ဘဲ လုပ်တာ” - ဟု စိုင်းအောင်မြင့်ဦးက ပြောသည် ။


အဆိုပါ ညီလာခံသို့ ပြည်နယ်အခြေပြု တိုင်းရင်းသားလူငယ် လူမျိုးစု ကိုယ်စားလှယ်များ၊ ဗမာတိုင်းရင်း သား အပါအဝင် လူမျိုးတိုင်း၏ လူငယ်ကိုယ်စားလှယ်များလည်း တက်ရောက် မည်ဖြစ်သည် ။ လူငယ် ဦးရေ ၇၀၀ ကျော် ပါဝင်မည့် ပထမ ဆုံးအကြိမ် ပြည်ထောင်စု လူငယ်ညီလာခံကြီးဖြစ်သည် ။ ညီလာခံတက်ရောက်ရန် တောင်ကြီးမြို့တော် ၊ ပင်လုံသမိုင်းဝင်မြို့များသို့ ယနေ့ ဂျူလိုင် ၂၆ ရက်နေ့ ၌ အသီးသီးရောက် နေကြပြီဖြစ် သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates