နိုင်ငံတော် အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဝ နှင့် မိုင်းလားခေါင်းဆာင် ပိုင်းများနေရပ်မှထွက်ခွါ



နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အထူးဒေသ (၂) ဝ တပ်ဖွဲ့ခေါင်းဆောင်များ ၊ အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်များမိုင်းလားမြို့မှ ကျိုင်းတုံလေဆိပ်သို့ ယနေ့နံနက်ပိုင်းကထွက်ခွါလာနေကြောင်းစုံစမ်းသိရှိရသည် ။

UWSA ခေါင်းဆောင်ဦးပေါက်ယူချမ်း ၊ နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NDAA-ESS ခေါင်းဆောင် ဦးစိုင်းလင်း


အထူးဒေသ (၂) ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် ဇနီးဦးဆောင်သည့် ၀ တပ်ဖွဲ့ကိုယ်စားလှယ်တော်များ ၊ အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတာ် သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS ခေါင်းဆောင် ဦးစိုင်းလင်းနှင့် ဇနီးတို့ ဦးဆောင်သည့် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်များနိုင်ငံတော် အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် နေရပ်မှ ထွက်ခွါခြင်းဖြစ်သည် ။


“ မှန်လုံကားတွေနဲ့ ဒီမနက် ၆ နာရီမိုင်းလားကနေထွက်ခွါတယ် ။ ကျိုင်းတုံမှာလေယာဉ်သွားသီးသန့် သွားစီးပြီးဒေါ်ဆောင်ဆန်းစုကြည်ကိုသွားတွေ့မယ် ။ အဓိကကတော့ ခင်မင်ရင်းနှီးမှုခရီးစဉ်ပါ ။ ဒါပေမယ့် နိုင်ငံရေးငြိမ်းချမ်းရေးကိစ္စတော့ အဓိကဆွေးနွေးမယ်လို့ထင်တယ် ။ ဒီခရီးစဉ်က ဒေါ်စုနဲ့ကျနော်တို့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေတွေ့မယ်ဆိုတာကလဲ ဒီခေတ်အစိုးရမှာ ပထမဆုံးဘဲလေ ”  - ဟုခရီးစဉ်မှာလိုက်ပါသည့် အရာရှိတဦးကပြောသည် ။


နိုင်ငံတော် အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည် မှ ဦးဆောင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံးပါဝင်ရေး ၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးတန်းတူညီတူဆွေးနွေးတင်ပြခွင့်ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များအားဆက်တိုက်တွေ့ဆုံလာနေခြင်းဖြစ်သည် ။


UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီးအန်ဘန်လ မှ ဒေါ်အောင်ဆန်းစုကြည်အား  ၂၁ ရာစုပင်လုံညီလာခံမှာ အပစ်ရပ်လက် မှတ်မထိုးရင်လဲတက်ခိုင်းမှာလား ? ဟုမေးမြန်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က -“ ကျမတို့အနေနဲ့ အပစ်ရပ်လက်မှတ်မထိုးလဲတက်နိုင်တဲ့အခြေအနေမျိုးဖန်တီးချင်တယ်။ ဒါပေမယ့် တန်းတူညီတူတော့ အခွင့်အရေးပေးလို့မရဘူး ။  ဒါကလက်တွေ့ကျပါတယ်။ လက်မှတ်မထိုးလဲ အတူတူဘဲဆိုရင် ဘယ်သူကထိုးတော့မှာလဲ။ အဲဒီဟာတခုတော့ သတ်မှတ်ချက်တော့ရှိတာပေါ့။ အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့ ” - ဟုအပစ်ရပ်စဲရေးစာချုပ် မထိုးသေးသည့် UNFC ခေါင်းဆောင်များအားပြောကြားခဲ့သည်ဟုဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပါဝင်တဲ့ခေါင်းဆောင်ပိုင်းတဦးကပြောသည် ။


ဝ နှင့် မိုင်းလားတပ်ဖွဲ့များသည် ၁၉၈၉ ခုကစစ်အစိုးရနှင့်တကြိမ် ၂၀၁၁ ခုနှစ်ကဦးသိန်းစိန်အစိုးရနှင့် တကြိမ် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားပြီးဖြစ်သည့်အတွက် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်မထိုးလိုတော့ဘဲနိုင်ငံရေးဆွေးနွေးပွဲတွင် တိုက်ရိုက်ပါဝင်လိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates