ပြည်ထောင်စု တပ်မတော်အား အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေးအတွက် မိုင်ဂျာယန်ဆွေးနွေးပွဲတွင် ဘုံသဘောထားအဖြစ် သဘောတူညီ



အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာ တွင် ပြည်ထောင်စု တပ်မတော်အား အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး ကိစ္စအပေါ် မိုင်ဂျာယန် တိုင်းရင်းသားအစည်းဝေးတွင် တက်ရောက် လာသူများမှ ဘုံသဘောထားအဖြစ် စုစည်းရန်သဘောတူညီ ခဲ့ကြကြောင်း ဂျူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည် ။

မိုင်ဂျာယန်တွင်ကျင်းပသော ယနေ့ ဆွေးနွေးပွဲ
ယနေ့ကျင်းပသော အစည်းအဝေးတွင် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနှင့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ တင်သွင်း လာသည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံမူများ စာတမ်းနှစ်စောင်ပေါ် တွင် အခြေ ခံ ဆွေးနွေး ခဲ့ပြီးနောက် အဆိုပါအချက်ကို ဘုံသဘောထား အဖြစ် စုစည်းရန် သဘောတူခဲ့ခြင်းဖြစ်သည် ။


အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် နိုင်ငံသားများအား ကာကွယ်ရေးအပါဝင်အခြား အချက် ၁၀ ချက်ကို ဘုံသဘော ထားအဖြစ် စုစည်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အခြေခံမူများကို ဆက်လက် ဆွေးနွေး ရန် အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည် ။


အစည်းအဝေးကို ၄ ရက်တာ ကျင်းပရန် ရည်ရွယ်ထားသော်လည်း ၄ ရက်အတွင်းပြီးပြတ်ရန် မဖြစ်နိုင် သောကြောင့် နောက်ထပ် တရက်တိုး၍ ကျင်းပမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည် ။


‘ ဆွေးနွေးတာတွေက သိပ်ပြီးကွဲပြားမှုတွေမရှိပါဘူး ။ သို့သော်လည်း ဆွေးနွေး ချက်တွေမှာ  ကျနော် တို့က ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့အ တွက် ဒီမိုကရေစီကို အခြေခံမှာဖြစ်တယ် ။ ကျနော်တို့အကြားမှာ အကြေအ လည် ညှိနှိုင်းဆွေးနွေးတော့ အသေးစိပ်ဆွေးနွေးကြတာဖြစ်တဲ့အတွက် အချိန်ယူရဦးမှာပါ။ ‘ ဟု PNLO ခွန်မြင့်ထွန်းက ပြောသည် ။


မိုင်ဂျာယန်တွင်ကျင်းပနေသည့် တိုင်းရင်းသားမျက်နှာစုံညီအစည်းအဝေးတွင် ခွဲထွက်ခွင့်မပါသည့် ဖက်ဒရယ် အခြေခံ ဥပဒေကို ရေးဆွဲရန်အတွက် အချက် ၈ ချက်ပါ ဘုံသဘောတူညီချက်ကို ရရှိထားကြောင်းလည်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates