ရေကာတာဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း နေပြည်တော်သို့သာမေးရန် သျှမ်းပြည်နယ်လွှတ်တော်ဖြေကြား
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရာ လျှပ်စစ်စွမ်းအင် နှင့် တိုက်ရိုက်သက်ဆိုင်သည့် ကြယ်ပွင့်ပြ မေးခွန်းအား နိုင်ငံတော်စီမံကိန်း လုပ်ငန်းကြီးဖြစ်ခြင်းကြောင့် လျှပ်စစ် စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာန နေပြည်တော်သို့ မေးမြန်းဆောင်ရွက်သင့်ကြောင်း သျှမ်းပြည်နယ် လွှတ်တော်မှ ဖြေကြားခဲ့သည်ဟု သိရသည် ။
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ဂျူလိုင် ၁၃ ရက်နေ့ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၂ ) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းခမ်းအောင် ၏ ကြယ်ပွင့်ပြ မေးခွန်း အပေါ် နေပြည်တော်သို့ မေးမြန်းဆောင်ရွက် သင့်ကြောင်း ဖြေကြားခဲ့သည်။
အဆိုပါ နိုင်ငံတော်စီမံကိန်း လုပ်ငန်းကြီးဖြစ်သော သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ၊ ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ တောင်ခြေအနီးတွင်ရှိသော အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များ လျှပ်စစ်ဓာတ်အားစီမံကိန်း တည်ရှိရာဖြစ်သော သီပေါမြို့နယ် ၊ ကျောက်မဲမြို့နယ် ၊ ရပ်စောက်မြို့နယ် ၊ နောင်ချိုမြို့နယ်များရှိ ဒေသခံ ပြည်သူပြည်သားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ၊ စီးပွားရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဒေသတွင်းရှိ ကျေးရွာများသို့ ဖြန့်ဖြူးပေးရန် လုပ်ငန်းအစီစဉ်ရှိ / မရှိ တည်ဆောက်ရေး နှင့် ဆည်တည်ရှိမှုကြောင့် ဒေသခံပြည်သူပြည်သားများ၏ ဘဝလုံခြုံမှုအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားမှု ရှိ / မရှိ စသည်မေးခွန်းများမေးခဲ့ကြောင်း ဦးစိုင်းခမ်းအောင် ကပြောသည် ။
အထက်ရဲရွာရှိ ရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီး ဌာန အမှတ် (၃) တည်ဆောက်ရေး ပြင်ဦးလွင်မြို့မှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော နိုင်ငံတော်စီမံကိန်း လုပ်ငန်းကြီးဖြစ်ခြင်းကြောင့် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖြေကြားနိုင်မှုမရှိသော လုပ်ငန်း ဖြစ်၍ သက်ဆိုင်ရာလွှတ်တော်များမှတစ်ဆင့် လျှပ်စစ် စွမ်းအင်စက်မှုဝန်ကြီးဌာန နေပြည်တော်သို့ မေးမြန်း ဆောင်ရွက်သင့်ကြောင်း သျှမ်းပြည်နယ် လျှပ်စစ်စွမ်းအင် နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်း ကဖြေကြား လိုက် ကြောင်း ကြယ်ပွင့်ပြ မေးခွန်းမေးသူ ဦးစိုင်းခမ်းအောင် ကပြောသည် ။
“ ဒီလိုပြန်ဖြေပေးတာကိုတော့ ကျေနပ်အားရမှုမရှိဘူး ၊ ပြောချင်တာက သျှမ်းပြည်တွင်းမှာရှိတဲ့ ပြသနာဘဲ ကောင်းကျိုး ဆိုးကျိုး သျှမ်းပြည်တွင်းက ပြည်သူတွေကဘဲ ခံစားရမယ် ။ ဒါကြောင့် သျှမ်းပြည်နယ်အစိုးရလည်း တာဝန်ယူ သင့် တယ်လို့ သိစေချင်တယ် ။ ဒီလိုမျိုး သျှမ်းပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် နည်းလမ်းရှာပြီး ဖြေရှင်း ပေးသင့်တယ် ။ အဲ့ဒါတင်မကဘူး ဆည်တည်ဆောက်မှုရဲ့ ကောင်းကျိုးပေါ့ တကယ်လို့ပြီးသွားရင် လျှပ်စစ်မီး တွေရလာမယ် အကျိုးခံစားခွင့် တွေရှိတဲ့ သီပေါ ၊ ကျောက်မဲ ၊ ရပ်စောက် နဲ့ နောင်ချိုတွေ ဘယ်လို အကျိုး ခံစားရမလဲဆိုတာ သိချင်တယ်ပေါ့ သူတို့က အဖြေမပေးနိုင်ဘူး အဲ့ဒါတွေသိချင်တာပေါ့ ” ဟု ဦးစိုင်းခမ်းအောင် ကပြောသည် ။
အထက်ရဲရွာ စီမံကိန်းကြောင့် သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု တာလုံ အရှေ့ရွာတွင် လူနေအိမ် ၁၃၀ ကျောက်မဲမြို့နယ် အနောက် တာလုံ ကျေးရွာရှိ လူနေအိမ် ၁၂ အိမ် နှင့် လယ်မြေ ၁၃၀ ဧက ဥယျာဉ်ခြံ ၁၆၇ ဧက ယာမြေ ၄၀၁ ဧက နှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ စာသင်ကျောင်း ကျေးရွာ မီးလင်းရေး အတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ငွေကျပ်သိန်း ၃၁၄ သိန်း အကုန်ကျခံ တည်ဆောက် ထားသည့် ရေအား လျှပ်စစ်လုပ်ငန်း အခြားသော အဆောက်အဦးများ ရေလွှမ်းမိုး နှစ်မြှုပ်မည့်အန္တရာယ်နှင့် ကြုံတွေရ မှာဖြစ် ကြောင်း သိရသည် ။
နမ္မတူမြစ်ပေါ်တွင် ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်မည့် တာလုံ ဆည်ခေါ် အထက်ရဲ ရွာနှင့် သီပေါမြို့နယ် တာတေကျေးရွာဘက် လီလုရေ ကာတာများ အား ဦးသိန်းစိန်အစိုးရ ခွင့်ပြုမိန့်ဖြင့်တည်ဆောက်ခဲ့ကြသည် ။ နောင်ချိုမြို့နယ်အတွင်းရှိ အလယ်ရဲရွာတွင် လည်း ရေကာတာ တည်ဆောက်ထားသည် ။
နမ္မတူမြစ်ခေါ် ဒုဌဝတီမြစ်ပေါ် တည်ဆောက်နေ သည့် ရေကာတာကြီး များ ရပ်တန့်ပေးပါရန် ၊ ဒုဌဝတီမြစ်ရေအား လွတ်လပ် စွာ စီးဆင်းခွင့်ပေးပါရန် ဒေသအတွင်း နေထိုင်သည့် လူထု ၂၀၀ ခန့်က မတ် ၃၀ ရက်က မြစ်ကမ်းနံဘေးတွင် စုပေါင်း တောင်းဆိုလိုက်သည် ။
Tags: News, politic