၂၁ ရာစု ပင်လုံညီလာခံ၌ ၁၉၄၇ ပင်လုံစာချုပ်ပါအချက်များဆက်လက် အကောင်အထည်ဖေါ် ဆောင်နိုင်ရေးအတွက် သျှမ်းပြည်ညီညွတ်ရေး အစည်းအဝေး၌ သျှမ်းများဆွေးနွေးဆုံးဖြတ်



ရန်ကုန်မြို့ ဗန်ဒါဟော်တယ် ၌ ဂျူလိုင် ၅-၆ ရက်နေ့ အထိ နှစ်ရက်ကြာ ကျင်းပ သည့် သျှမ်းပြည်ညီညွတ် ရေး အစည်းအဝေး၌ မကြာခင် ကျင်းပတော့မည့် ၂၁ ရာစုပင်လုံညီလာခံတွင် ၁၉၄၇ ပင်လုံ စာချုပ်ပါ အချက်များ အကောင် အထည်ဖော် နိုင်ရေးအတွက် သျှမ်းများကြိုးပမ်းသွားမည်ဟုဆိုသည် ။

ရန်ကုန်မြို့ ဗန်ဒါဟော်တယ် ၌ ဂျူလိုင် ၅-၆ ရက်နေ့ နှစ်ရက်ကြာ ကျင်းပ သည့် သျှမ်းပြည်ညီညွတ် ရေး အစည်းအဝေး
အဆိုပါအစည်းအဝေးတွင် တင်ပြဆွေးနွေးသည့်အချက်အလက်အများ အပြား အနက် ဘုံသဘောတူညီ ချက် ၅ ချက် ဆွေးနွေးချမှတ်နိုင်ခဲ့သည်ဟု သိရ သည် ။


၎င်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ အပါ အဝင် ၂၁ ရာစု ပင်လုံညီလာခံသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါအချက်များကို အကောင် အထည် ဖေါ်သည့် ညီလာခံ သာ ဖြစ် သင့်ပြီး ပင်လုံစာ ချုပ်နှင့် စပ်ဆိုင်သော ကတိကဝတ်များ သဘော တူညီ ချက်များ နားလည်မှုများ ပင်လုံစိတ်ဓါတ်များအပေါ် တစုံတရာ ထိခိုက်စေခြင်း မဖြစ်သင့် - စသည့် ၂၁ ရာစု ပင်လုံညီလာခံအတွက် ဘုံဦးတည်ချက်များ သဘောတူ ဆုံးဖြတ်ကြသည် ။


ဆွေးနွေးပွဲတွင် ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ ကွန် ယက် ခေါင်းဆောင် စိုင်းနော်ဆိုင် က - “ အခုမကြာမှီမှာ ကျင်းပမဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးက ပင်လုံ ဆိုတဲ့ နာမည်ကို ထည့်သုံးထားတော့ ဘာဘဲဖြစ်ဖြစ် ကျနော်တို့သဘောထားတော့ ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်း နဲ့ သဘောတူ ထားတဲ့ အချက်တွေကို ပြန်လည်ဆွေးနွေးသင့်တယ် ။ အဲဒီစာချုပ်အတိုင်း အကောင်အထည် ဖေါ်မှ အလုပ်ဖြစ်မယ် ” - ဟု ပြောသည် ။


သျှမ်းပြည်တပ်မတော် RCSS/SSA အတိုင်အပင်ခံပုဂ္ဂိုလ် လည်းဖြစ် ပြည် ထောင်စု အင်စတီကျု ဒါရိုက်တာလည်းဖြစ်သည့် ဦးခွန်စိုင်းက -
" ငြိမ်းချမ်းရေးရဖို့ပင်လုံစာချုပ်က အရေးကြီးပါတယ် ။ ပင်လုံစိတ်ဓါတ်လို တယောက်တမျိုး အဓိပ္ပါယ် ဖော်နေစရာမလိုဘူးလေ ။ ပင်လုံစာချုပ်ဆိုတာ ၂ ဦး ၂ ဘက်နားလည်လို့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာဘဲ ။ ပင်လုံစာချုပ် အတိုင်းလိုက်လုပ်မယ်ဆိုရင် ဒို့တိုင်းပြည်က ငြိမ်းချမ်းကို ငြိမ်းချမ်းတယ် ။ အဲ့ဒီ အတိုင်းလိုက်မလုပ်ရင်တော့ ငြိမ်းချမ်းစရာ အကြောင်းမရှိဘူး " – ဟု ပြော သည် ။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အား ၂၀၁၃ ခု နှစ်နောင်းပိုင်းက သျှမ်းပြည်တပ်မတော် RCSS/SSA  ၊ သျှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ကျားဖြူပါတီ ၊ သျှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC ( SSJAC တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD , သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် စိန်ကျော့ဌာနပြည်သူ့စစ် တို့ ပူးပေါင်းဖွဲ့စည်းထား) တို့ ပူးပေါင်းဖွဲ့စည်းထားသည် ။


သျှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုက်ရေး ဒီမိုကရက်တစ် ပါတီ ESSDDP က ယခု နှစ်ဆန်းပိုင်းတွင် ပါဝင်လာ၏ ။ ယခုအစည်းအဝေးလည်း သျှမ်းလူ ငယ်ကွန်ယက် TYN အား အဖွဲ့ဝင်သစ်အဖြစ် လက်ခံသည့်အပြင် သျှမ်းနီပါတီ နှစ်ပါတီအားလည်း လေ့လာသူအဖြစ် အစည်းအဝေးတက် ခွင့်ပြုခဲ့သည် ။


သျှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွားနယ် ပင်လုံမြို့၌ ၁၉၄၇ ခုနှစ်က သျှမ်းစော်ဘွားများ ပြည်ထောင်စု၊ ကချင်တောင်တန်း ၊ ချင်းဝိဒေသ တောင် တန်း နှင့် ဗမာမြေပြန့်တို့အကြား ချုပ် ဆိုသည့် ပင်လုံ စာချုပ်ပါ အချက် ၉ ချက်မှာ -

၁- နယ်စပ်ဒေသ ၀န်ကြီးဟာ တိုင်းရင်းသားလူမျိုးဖြစ်ရမယ် ။

၂- အဆိုပါဝန်ကြီးရဲ့ လက်ထောက် နှစ်ဦးကလည်း နယ်စပ်ဒေသက မတူညီတဲ့ တိုင်းရင်းသားလူမျိုး ၂ ဦးဖြစ်ရပါမယ် ။

၃- ဒီဝန်ကြီး ၃ ပါးစလုံးဟာ နိုင်ငံတော် အစိုးရရဲ့ လွှတ်တော်အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခွင့်ရှိတယ် ။

၎- ဒါပေမယ့် သူတို့ မဲထဲ့မယ်ဆိုရင် သူတို့ ၃ ယောက်မှာ တမဲဘဲ ထည့်ခွင့်ရပါမယ် ။

၅- နယ်စပ်ဒေသတိုင်းရင်း သားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိရမယ် ။

၆- မြစ်ကြီးနားခရိုင် နဲ့ ဗန်းမော်ခရိုင်ကို ကချင်တောင်တန်းဒေသ နဲ့ပေါင်းထည့်ပြီးတော့ ကချင် ပြည်နယ် အဖြစ်သတ်မှတ်တယ် ။

၇- တောင်တန်းဒေသဟာ ဒီမိုကရေစီနိုင်ငံမှာကဲ့သို့ အခွင့်အရေးနဲ့ အထူး အခွင့် အရေး အပြည့်အဝခံစား ခွင့်ရှိရမယ်၊ ဆိုလိုတာက အခွင့်အရေးနဲ့ အထူး အခွင့် အရေးဆိုတာက ဒီမိုကရေစီ စနစ်ဆိုရင်လဲ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝ ရရှိရမယ် ။

၈- ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီး သျှမ်းပြည်ရဲ့ ၀င်ငွေတွေကို မထိခိုက် မနစ်နာစေရ ဘူး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိုမြန်မာပြည်အစိုးရက ဆက်လက်ကူညီထောက်ပံ့သွားမယ် ။

၉- ငွေကြေးရှာဖွေသုံးစွဲမှုမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်ရတဲ့အချိန်အထိ (သျှမ်းပြည်လို ကိုယ့်ခြေ ပေါ် ကိုယ် ရပ်တည်နိုင်တဲ့အချိန်အထိ) ကူညီပံ့ပိုးပေး သွားမယ် ။


ထို့အပြင် ပင်လုံစာချုပ်တွင် မပါရှိသော အဓိက အရေးပါသည့် အချက် တချက် မှာ လွတ်လပ်ရေး ရပြီး ၁၀ နှစ်အကြာတန်းတူညီမျှမှုမရှိပါက ခွဲထွက် ပိုင်ခွင့် ရှိသည် ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား ခေါင်းဆောင်များ အား နှုတ်ကတိပေးခဲ့သည် ။ အဆိုပါကတိအား ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းရေးဆွဲထားပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates