၂၁ ရာစု ပင်လုံညီလာခံကို သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တက်ရန်အလားအလာ ရှိကြောင်း ဦးစိုင်းညွန့်လွင်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ တက်ရောက်ဖို့ ရာခိုင်နှုန်းများတယ်လို့ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည် ။
SNLD အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ရန်ရှိသော်လည်း ယခင်စစ်အစိုးရမှ လုပ်ခဲ့သော ညီလာခံအတိုင်းဖြစ်ပါက မိမိတို့အနေဖြင့်တက်ရောက်ရန် စဉ်းစားမည်မဟုတ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုဂရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်မှ ရှင်းပြသည် ။
NLD အစိုးရသည် ယခင်က မိမိတို့တိုင်းရင်းသားအဖွဲ့အစည်းများကဲ့သို့ အဖိနှိပ်ခံ ဘဝတူများဖြစ်သောကြောင့် မရိုးမသားလုပ်မည်ဟု မထင်ကြောင်း သူကပြောသည် ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဆွေးနွေးမည့် သူများ ထဲတွင် ပါဝင်သင့် ပါဝင်ထိုက်သူများနှင့်သာ လက်တွဲသွားမည်ဟု မေလ နောက်ဆုံးပတ်က ပြောကြားထားသည့် အတွက်လည်း ဦးစိုင်းညွန့်လွင်က စိုးရိမ်မှုရှိနေသည် ။
လာမည့်သြဂုတ်လတွင်ကျင်းပရန်စီစဉ်ထားမည့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တပ်မတော်ဘက်ကလည်း အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်မည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က RFA သတင်းဌာနသို့ ပြီးခဲ့သည့် ဂျွန်လက ပြောခဲ့သည် ။
အဆိုပါညီလာခံနှင့်ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ ) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖ ကလည်း ညီလာခံတက်ရောက်ရန် WLB Women League of Burma အား ဖိတ်ကြားထားသော်လည်း SWAN Shan Women Action Network အဖွဲ့သို့ သီးသန့်ဖိတ်ကြားခြင်းမရှိကြောင်းပြောဆိုပါသည် ။
" မြန်မာအမျိုးသမီးအဖွဲ့အားလုံးပါဝင်ထားတဲ့ WLB ကိုတော့ဖိတ်တယ် SWAN တော့သီးသန့်မဖိတ်ဘူး ။ ပင်လုံညီလာခံနဲ့ အပြိုင်လုပ်မယ့် CSO ညီလာခံမှာ WLB ပါမယ် ။ ပင်လုံညီလာခံမှာတော့ AGIPP အနေနဲ့ တက်မယ် AGIPP မှာ WLB က Partnership အနေနဲ့တက်မှာဖြစ်တယ် ။ " ဟု ပြောသည် ။
WLB တွင်မြန်မာနိုင်ငံတိုင်းရင်းအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ ပါဝင်ပါသည် ။
၂၁ ရာစု ပင်လုံညီလာခံသို့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချူပ် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင် လာရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော် မတီ ၂ မှ ဂျွန်လ ၃ ရက်မှ စတင်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် သွားရောက် တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိသည် ။
လက်ရှိတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (TNLA) ၊ မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ်တပ်ဦး ( MNDAA ) စသည့် ၃ ဖွဲ့နှင့်တွေ့ ဆုံနိုင်ခြင်းမရှိသေးပေ ။ SNLD သည် လွန်ခဲ့သော နိုဝင်ဘာလ ၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်မှာ နေရာ ၄၀ အနိုင်ရထား သည့် ပါတီဖြစ် သည် ။
Tags: News, politic