မိုင်ဂျာယန်တိုင်းရင်းသားအစည်းဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးစွဲရာတွင် အခြေခံ ရမည့် မူများနှင့် ပတ်သက်၍ဆွေးနွေး



ဂျူလိုင်လ ၂၆ ရက်က စတင်ကျင်းပသည့် မိုင်ဂျာယန် တိုင်းရင်းသားခေါင်းဆောင်များမျက်နှာစုံညီ အစည်းအဝေး၏ ယနေ့ ဒုတိယနေ့ ဂျူလိုင် ၂၇ ရက်နေ့တွင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးစွဲရာတွင် အခြေခံ ရမည့် မူများနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ စာတမ်းများတင်ပြ ဆွေးနွေးနေကြောင်းသိရသည် ။


ဂျူလိုင် ၂၆ ရက်ကမူ ၁၉၄၇ ခုနစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များအပေါ် အခြေခံပြီး ပင်လုံလက်စွဲစာတမ်းအတည်ပြုနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြကြောင်း ဆိုပါသည် ။


' အဲဒီတုန်းက လုပ်ခဲ့တဲ့ ကတိကဝတ် စာချုပ်စာတမ်းတွေကို မှီပြီးတော့ ၂၁ရာစုပင်လုံညီလာခံမှာ အသုံးပြုဖို့ဆိုတဲ့ ဟာမျိုး မဟုတ်ပါဘူး ။ ဒါက ကြားထဲမှာ အမြင်သဘောထားတူညီတာတွေရှိသလို မတူညီတာတွေ ရှိကောင်းရှိမယ် ။ ဘာကြောင့်လည်းဆိုရင် ၄၇ တုန်းက ပြုလုပ်ခဲ့တဲ့ ပင်လုံရဲ့ ကတိ ကဝတ်တွေ သဘောတူညီချက်တွေဟာ ခုနေခါမှာ သဟဇာတမဖြစ်တော့တဲ့ အနေအထားတွေ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့ လူမှုဘဝ အခြေအနေအောက်မှာ အခြေအနေ တစ်စုံတရာ ပြောင်းလဲသွားတာကို သတိပြုရမှာဖြစ်ပါတယ် ။ ဒါကြောင့်ဒီကိစ္စနဲ့ ပတ်သက်လို့ အကျယ်တဝင့် ဆွေးနွေးပြီးဖြစ်ပါတယ် ။ ကျွန်တော်တို့ ပင်လုံနဲ့ သက်ဆိုင်တဲ့ လက်စွဲဆန္ဒစာတမ်းလေးကိုတော့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ စနစ်တကျလေးဖြစ်အောင် ပြုစုရေးအဖွဲ့လေးတစ်ဖွဲ့ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ သဘောထားချမှတ်ပါတယ် ။ လက်စွဲစာတမ်းလေးကို ဒီ လေးရက်တာ အစည်းအဝေးမပြီးဆုံးခင်လေးမှာ ပြန်လည် သုံးသပ်ပြီးတော့ လက်စွဲစာဆောင်လေးအဖြစ် ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ' ဟု အစည်းဝေးပြောခွင့်ရ ပုဂ္ဂိုလ် ခူးဦးရယ်က ညနေပိုင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည် ။


ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လကလည်း လွန်ခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ထားရှိခဲ့သော ပဋိဉာဉ်ကို ၂၁ ရာစုပင်လုံသို့ ဆက်လက်သယ်ဆောင်သွားပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရာယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့အတွက် အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာရေးအတွက် အဖြေရှာရန် တိုက်တွန်းခဲ့သည်ဟု အစည်းအဝေး အဖွင့်မိန့်ခွန်းပြောဆိုရာတွင်ထည့်သွင်းပြောဆိုသည် ။


ဂျူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့်အဆိုပါအစည်းအဝေးတွင် ပင်လုံလက်စွဲစာတမ်း ပြုစုရေးကိစ္စအပြင် ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အခြေခံ ဥပဒေတွင် အခြေခံရမည့် မူများ ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ်ဏ္ဍ နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြင်ဆင်ရေး ကိစ္စတို့အား ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates