တိုင်းရင်းသားနယ်မြေများမှာ ပျက်စီးကုန်ပြီဖြစ်သောကြောင့် ဘာပေးဆပ်စရာကျန်သေးလဲဟု ဒေါ်အောင်ဆန်းစုကြည်အား UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်မှ မေးခွန်းထုတ်



တိုင်းရင်းသားနယ်မြေအတော်များများမှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပျက်စီးကုန်ပြီဖြစ်ပြီး တိုင်းရင်းသားများ၏ ကျေးရွာများမှာလည်း ပျက်စီးကုန်ပြီဖြစ်သောကြောင့် တိုင်းရင်းသားများတွင် ပေးဆပ်စရာ မရှိတော့ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောသည် ။

ဓါတ်ပုံ- ဗိုလ်ချုပ်ကြီး ဆေထင်နှင့် ခူးဦးရယ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များသည် ဂျူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဂျူလိုင်လ ၁၈ ရက်နေ့က သတင်းစာရှင်း လင်းပွဲ ပြုလုပ်ရာတွင် “ခင်ဗျားတို့တောင်းချင်ရာတောင်း ဒါပေမဲ့ တောင်းတိုင်းရာနှုန်းပြည့်ပေးနိုင်မယ်လို့ အာမ မခံဘူး ” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့မှုနှင့် စပ်လျဉ်း၍ ခူးဦးရယ်က ပြောဆိုခဲ့ခြင်းဖြစ်သည် ။


“ ကျနော်မေးချင်တာက ကျနော်တို့တိုင်းရင်းသားတွေဟာ ကျနော်တို့တောင်ပေါ်ဟာ မြေပြန့်ဖြစ်ကုန်ပြီ ။ မြစ်ချောင်းအင်းအိုင်တွေဟာလဲ ခန်းခြောက်ကုန်ပြီ ။ ကျနော်တို့လူထုကျေးရွာဟာ ပျက်စီးကုန်ပြီး ။ တချို့က တောထဲ တောင်ထဲရောက်ကုန်ပြီး ။ တချို့က IDPs တချို့က နိုင်ငံတကာရောက်သွားပြီး ။ မြေပေါ်မြေအောက် သယံဇာတတွေလည်း ဘာမှမကျန်တော့ဘူး ။ သစ်ပင် ဝါးပင်တွေ မရှိဘူး ။ ကျနော်တို့  ဆီက ဘာလိုချင်သေးလဲ ။ ဘာထပ်ပေးရဦး မှာလဲ ” -  ဟု ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP ဒုတိယ ဥက္ကဌလည်းဖြစ် UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သည့် ခူးဦးရယ်က ပြောသည် ။


၁၉၉၆ - ၉၇ ခုနှစ်က စစ်အစိုးရ တပ်မတာ် မှ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာပေါင်း ၁၅၀၀ ကျော်အား အဓမ္မပြောင်းရွှေ့မှု ၊ ကျေးရွာမီးရှို့မှုများကြောင့် မတရားပြုကျင့်မှု ၊ သတ်ဖြတ်မှုများကြောင့် ဒေသခံ လူထု သုံးသိန်းကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်ဟု သျှမ်းလူ့အခွင့်အရေးဏ်ဏ္ဍိုင် နှင့် သျှမ်းအမျိုးသမီးများ ဆက်သွယ် လှုပ်ရှားမှုကွန်ယက် တို့၏ ပူးတွဲထုတ်ပြန်ကြေငြာချက် မှတ်တမ်းများ အရသိရသည် ။
ကချင်၊ ကရင်၊ ကရင်နီ (ကယား) တို့လည်း သျှမ်းပြည်သားများကဲ့သို့ တပ်မတော်၏ လူ့အခွင့်အရေးချိုး ဖေါက်မှု အမျိုးမျိုးကို  ခံခဲ့ရသည်ဟု ၄င်းတို့၏ အစီရင်ခံစာမှတ်တမ်းများအရ သိရသည် ။ လက်ရှိ ကချင်ပြည်နယ် ၊ သျှမ်းပြည်နယ် မြောက်ပိုင်းဒေသခံများ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုများအား ရပ်တန့်ပေးဖို့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ  မှ ထုတ်ပြန် ဟန့်တားပေးခြင်း ၊ စစ်ပြေငြိမ်းစေမှုများ မြွတ်ဟပြောဆိုပေးခြင်း တခွန်းတပါဒ မှ မရှိသေးပေ ။


“ ကျနော်တို့က ဒီတိုင်းပြည်ကြီးမှာ ကျနော်တို့အတူတကွ ပိုင်ဆိုင်တယ် ။ ကျနော်တို့ တတွေ အားလုံးဟာ ဒီတိုင်း ပြည်ရဲ့ ပိုင်ရှင်ဖြစ်တယ် ။ ကျနော်တို့ပြောနေတာ တန်းတူရည်တူအခွင်းအရေးဟာ ဒါပဲ ။ အဲဒီတော့ ကျနော်တို့မှာ တောင်းစရာမရှိသလို ပေးစရာလဲ မရှိဘူး ’’  - ဟု ခူးဦးရယ်က ဆက်၍ ပြေားသည် ။


ယခုနောက်ပိုင်းကာလများတွင် ဒေါ်အောင်ဆန်းစုကြည်က ပေးဆပ်လိုစိတ်ဖြင့်သာ ငြိမ်းချမ်းရေးကို ချဉ်းကပ် အဖြေရှာကြရန် မကြာခဏပြောဆိုနေပါသည် ။


ငြိမ်းချမ်းရေးရရန်အတွက်မူ တိုင်းပြည်ရှိလူတိုင်းတွင် တာဝန်ရှိသည့်အတွက် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးကြီး ခူးဦးရယ်က ဆိုသည် ။


“ လူတိုင်းမှာတာဝန်ရှိတယ် ဒီတိုင်းပြည်ကြီးကို ငြိမ်းချမ်းအောင် လုပ်ဖို့ ” ဟု ရန်ကုန်မြို့ချတ်ထရီယံဟိုတယ်တွင် ယနေ့မနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ခူးဦးရယ်ကပြောသည် ။


သမ္မတ ဦးသိန်းစိန် လက်ထက် ကကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၏ အဆက်အဖြစ် ၂၁ ပင်လုံကို ကျင်းပမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောဆိုထားသည် ။ သို့သော်အားလုံးပါဝင်ခွင့်ရမရနှင့် နိုင်ငံရေးမူဘောင်ပြင်ဆင်ရေး အတွက် မရေရာသေးသည့်အပြင် ပထမအကြိမ်ကျင်းပခဲ့စဉ်က မူဘောင်မှာ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့သာပါဝင်ခဲ့ပြီး UNFC အဖွဲ့ဝင်များမှာ ပါဝင်ခြင်းမရှိခဲ့ပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates