ကိုးကန့် ၊ တအာင်း ၊ ရခိုင် မဟာမိတ်အဖွဲ့နှင့် အစိုးရကိုယ်စားလှယ်တို့၏ မိုင်းလားဆွေးနွေးပွဲ သဘောတူညီမှုမရ



ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ကိုးကန့် အပါအဝင် တအာင်းပလောင် တပ်မတော် TNLA ၊ AA ရခိုင်တပ်ဖွဲ့တို့မှ ဥက္ကဋ္ဌ အဆင့်ရှိသူများနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်တို့၏ မိုင်းလားတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူညီမှု တစ်စုံတစ်ရာမရရှိဘဲ ပြီးဆုံးသွားကြောင်း တအာင်းပလောင် တပ်ဖွဲ့တာဝန်ရှိသူက အတည်ပြုပြောဆိုသည် ။


သြဂတ်စ်လ ၉ ရက်နေ့က မိုင်းလားတွင် ပြုလုပ်သည့် ဆွေးနွေးပွဲမှာ ကိုးကန့်အဖွဲ့၏ အဓိက မဟာမိတ် အဖွဲ့ဖြစ်သော အိမ်ရှင်မိုင်းလား NDAA အဖွဲ့က ကြားဝင်စေ့စပ်ပေးမှုဖြင့် ဆွေးနွေးပွဲကျင်းပ ခဲ့ခြင်းဖြစ်သည် ။


“သဘောတူညီမှု တစ်စုံတစ်ရာမရဘဲ ပြီးဆုံးသွားတယ်။ ၂၁ ပင်လုံကို တက်ချင်ရင် ကျနော်တို့အဖွဲ့တွေက ကြေညာချက် ထုတ်ပေးဖို့ဆိုတဲ့ ကိစ္စမှာ စကားလုံးအသုံးအနှုန်းအရ အဆင်မပြေတဲ့အတွက် ဘာသဘောတူညီချက်မှ မရခဲ့တာပါ ” ဟု တအာင်းပလောင်အမျိုးသားတပ်မတော်မှ အထွေထွေအတွင်း ရေးမှူး တာ့ဘုန်းကျော်က ပြောသည် ။


ဘီဘီစီမြန်မာပိုင်း၏ သတင်းဖော်ပြချက်တွင်မူ အစိုးရဘက်မှ အဆိုပါအဖွဲ့သုံးဖွဲ့နှင့် ပတ်သက်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ကြောင်း ကတိကဝတ် တောင်းခံခဲ့ခြင်းသာဖြစ်သည်ဟု ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူက ပြောကြောင်းဖော်ပြထားပြီး ယင်းတောင်းဆိုချက်မှာ ချက်ချင်းလက်နက်စွန့်ရန် တောင်း ဆိုခြင်းမဟုတ်ကြောင်း ဖော်ပြထားသည် ။


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို သြဂတ်စ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားပြီး အဆိုပါအဖွဲ့သုံးဖွဲ့မှာ ယခင်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးရန် ငြင်းပယ်ခြင်းခံခဲ့ရသည့် အဖွဲ့များဖြစ်သည် ။


ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ လမ်းပြမြေပုံအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ခွင့်ရှိခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားတပ်ပေါင်းစု UNFC ဆွေးနွေးပွဲတွင်လည်း လက်မှတ်ရေးထိုးစေလိုသည့် သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည် ။


၂၁ ရာစု ပင်လုံမှာ ကျွန်တော်တို့ တက်နိုင်မတက်နိုင်ဆိုတဲ့ကိစ္စက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လောလောဆယ် မူတည်နေပါတယ်။ အကုန်းလုံးကတော့ တန်းတူရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးချင်တာပေါ့။  ဟု တာ့ဘုန်းကျော်က ပြောသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates