သျှမ်းပြည်နယ်အစိုးရ၏ ဝန်ကြီးဌာန ၂ ခုကိုအမည်ပြောင်းရန် ယနေ့စတင်ကျင်းပသည့် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးသို့ သမ္မတရုံးမှ သဝဏ်လွှာပေးပို့



ပည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့၏  ဝန်ကြီးဌာနများအမည် နှင့်အခေါ်အဝေါ် တူညီစေရေးအတွက်  ဟုဆိုကာ သျှမ်းပြည်နယ်အစိုးရ၏ ဝန်ကြီးဌာန ၂ ခုအမည်အား ပြောင်းလည်းသတ်မှတ်ခေါ်ဝေါ်ဖို့ ဆန္ဒသဘောထားကောက်ယူပေးရန် နိုင်ငံတော်သမ္မတရုံးမှ စာတစောင်ပေးပို့ခဲ့သည် ။


သျှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယ ပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာလ ၁၉ ရက်က ကျင်းပရာ အစည်းအဝေးအစီအစဉ် ၁၀ ခုအနက် အစီအစဉ် နံပတ် ၇  နိုင်ငံတော်သမ္မတရုံးမှပေးပို့သောသဝဏ်လွှာတွင် ထိုသို့ပါရှိပါသည် ။


သဝဏ်လွှာတွင် - သျှမ်းပြည်နယ်အစိုးရ၏ ဝန်ကြီးဌာန ၉ ခုအနက် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာနအား  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဟူ၍လည်းကောင်း၊  သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအား သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဟူ၍လည်းကောင်း အမည်ပြောင်းလဲလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံ ၁၄၈ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် ၁ ပါပြဌာန်းချက်အရ လွှတ်တော်၏ သဘောတူညီချက်ရယူပေးပါရန်သဝဏ်လွှာပေးပို့သည်- ဟု ပါရှိပါသည် ။


အစည်းအဝေး ပထမရက် တွင် လွှတ်တော်အမတ်များထံမှ သဘောတူညီချက်ရယူကာ အဆိုပါ ဝန်ကြီးဌာန ၂ ရပ်အား အမည်ပြောင်းလဲသတ်မှတ်လိုက်သည်ဟုလည်း လွှတ်တော်အတွင်း ကြေငြာခဲ့သည် ။


သို့သော် သက်ဆိုင်ရာဌာန၏ ဝန်ကြီးကိုမူ ပြောင်းလဲခြင်းမပြုခဲ့ပေ ။  သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး န၀မနေ့တွင် သျှမ်းပြည်နယ် ဝန်ကြီးဌာန ၉ ခု ကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ကြေငြာခဲ့သည် ။


၎င်းတို့မှာ(၁) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ် မှူးကြီး စိုးမိုးအောင်(ကြည်း) (၂)  စည်ပင် သာယာ ရေးဝန်ကြီး စိုင်းစွံဆိုင်း   (၃)   လူမှုရေး ဝန်ကြီး  ဒေါက်တာမျိုးထွန်း၊ (၄)    သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး  ဒေါက်တာညီညီအောင်  (၅) လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး  ဦးဆွေသိန်း  (၆)   စီမံကိန်းနှင့် စီပွားရေး ဝန်ကြီး ဦးစိုးညွန့်လွင် (၆)  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး (၇)   စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော် (၈) ဘဏ္ဍာရေးဝန်ကြီး ဦးရှဲန်တစ်လုံ တို့ ဖြစ်သည် ။


တခြားပြည်နယ်များတွင်မူ ဝန်ကြီးဌာနအမည် ပြောင်းလဲမှုကိုယခင်အစည်းအဝေးများကတည်းက ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ၊ သျှမ်းပြည်နယ်အတွက်မူ ယခုတကြိမ်အစည်းအဝေးမှသာ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းလည်း လွှတ်တော်အမတ်များအသိုင်းအဝိုင်းကပြောဆိုပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates