သျှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲဆင်နွဲနေတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဆွေးနွေးအတည်ပြုရန် လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်



ဒီဇင်ဘာလ ၅ ရက်က ပြန်လည်ခေါ်ယူသည့် သျှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် သျှမ်းပြည်မြောက် ပိုင်းအတွင်း အစိုးရ၏တပ်မတော်နှင့် တိုက်ပွဲဆင်နွဲနေသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အား အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ရေးဆွေးနွေးရန် လားရှိုးပြည်ခိုင်ဖြိုးပါတီ၏လွှတ်တော် အမတ်ကအဆိုတင်သွင်းမှုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၃ မဲဖြင့် သတ်မှတ်ရန် အနိုင်ရရှိခဲ့သည် ။


ဒီဇင်ဘာလ ရ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်  ပြည်ခိုင်ဖြိုး ပါတီ လားရှိုးမဲဆန္ဒနယ် အမှတ်( ၂) က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၏အဆိုပါအဆိုကို အပြင်းအထန်ငြင်းခုံဆွေးနွေးခဲ့ကြပြီးနောက် မဲခွဲရာ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ရ မဲနှင့် ထောက်ခံမဲ ၆၃ မဲဖြင့် ဆက်လက်ဆွေးနွေးအတည်ပြုရန် မဲအနိုင်ရရှိ ခဲ့သည်ဟုသိရသည် ။


၎င်းနှင့်ပတ်သက်ပြီး ကျားခေါင်းပါတီ၏ သီပေါမြို့နယ် ပြည်နယ် လွှတ်တော်အမတ် နန်းစမ်းစမ်းအေးက - “ဒါက ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီးပြီ။ ဟိုမှာတုန်းက လည်း ဒီတိုင်းရင်းသားတွေကို ဒီလိုနာမည်တပ်ပြီး မသတ်မှတ် သင့်ဘူး - ဆိုပြီးကန့်ကွက်ကြလို့လေ၊ ထောက်ခံတဲ့သူနည်းလို့ ၊ ဟိုဘက်မှာရှုံးလို့  သျှမ်းပြည်နယ် လွှတ်တော်ကို ရောက်လာတာ။ ဒီပြည်နယ်လွှတ်တော်မှာက သူတို့ဘက်က လူများတယ်လေ။အဲ့ကြောင့် နိုင်သွားတယ်။ ဒီနေ့ လွှတ်တော်မှာလည်း ပျက်ကွက်တဲ့သူ ၂၀ တောင်ရှိတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။


လက်ရှိသျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့်စစ်ရေးတင်းမာမှုဖြစ်ပွါးနေသော မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွင် ကချင် KIO , တအာင်း TNLA , ကိုးကန့် MNDAA နှင့် ရခိုင် AA  တို့ အား အကြမ်းဖက်အဖွဲ့အ စည်းအဖြစ် သတ်မှတ်ရေးဆွေးနွေးရန် ဒီဇင်ဘာလ ၆ ရက်နေ့က  ပြည်ခိုင်ဖြိုးပါတီက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပါသည် ။


“ ဘာဘဲပြောပြော တိုင်းရင်းသားတွေကို ဒီလိုနာမည်တပ်လိုက်တာနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလေ။ မရနိုင်တဲ့အပြင် ပိုပြီးတော့တောင်ရှုပ်ထွေးလာနိုင်တယ်။အဲလိုလုပ်မယ့်အစား အကောင်းဆုံးနည်းလမ်းကိုဆွေးနွေးကြရှာဖွေကြပြီး ဖြေရှင်းကြမှသာ  ငြိမ်းချမ်းရေးရနိုင်မှာ။ ”  - ဟု နန်းစမ်းစမ်းအေး က ပြောဆိုသည် ။


အဆိုပါအဖွဲ့အား ထိုသို့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ် မှတ်ရန်ကြိုးပမ်းနေမှုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိုးရိမ် စရာ ဖြစ်စေပြီး ပိုမိုရှုပ်ထွေးမှုကို ဦးတည်စေသည်ဟုလည်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးက သတိပေးပြောဆိုခဲ့သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates