ဦးကိုနီ ဈာပန အခမ်းအနားသို့ SNLD ဥက္ကဌ ဦးခွန်ထွန်းဦးတက်ရောက်



သနတ်သမားတစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အကြံပေး ရှေ့နေဖြစ်သူ ဦးကိုနီ၏ ဈာပန အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်ရှိ ရေဝေး မွတ် ဆလင် သုဿာန်တွင် ကျင်းပရာ ကျားခေါင်းပါတီ ဥက္ကဌ ခွန်ထွန်းဦး တက်ရောက်ခဲ့သည်ဟု သိရသည် ။

ဦးကိုနီ၏ အသုဘအခမ်းအနား လူစည်ကား
ပရိသတ် သောင်းနှင့်ချီတက်ရောက်သည့် ဈာပန အခမ်းအနားတွင် စည်ကားကြပ်သိပ်နေရာ ရုပ်အလောင်း ထားရှိရာ နေရာသို့ပင်ဝင်ရန် ခက်ခဲနေခဲ့သည်ဟု ခွန်ထွန်းဦးနှင့် အတူ အသုဘ လိုက်ပါပို့ဆောင်သည့် သျှန်ပိုင်းဂျာနယ်မှ စိုင်းဇင်က ညနေ ၃ နာရီခွဲ အချိန်တွင် ပြောသည် ။


“စိုင်းဆိုင်လျန်းတို့ ပါတီဝင်လူငယ်တွေအဖွဲ့တွေတော့ အထဲအထိ တိုးဝင်ပြီး လွမ်းသူ့ပန်းခွေပို့ပေးပါတယ်။ ကျနော်တို့ ဥက္ကဌကြီးခွန်ထွန်းဦးတော့ အထဲအထိ မတိုးဝင်နိုင်ဘူး။ သုသာန်အဝင်တံခါးပေါက်အထိဘဲ လိုက်ပို့တယ်။ ”-ဟု ပြောသည် ။


ဦးကိုနီကွယ်လွန်မှုနှင့် ပတ်သက်ပြီး ၀မ်းနည်းကြောင်းသဝဏ်လွှာကို ကျားခေါင်းပါတီမှပင် ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး သေနတ်သမားအား ဖမ်းဆီးရန်ကြိုးပမ်းသူ တက္ကစီသမား ( NLD ပါတီဝင် ) ဦးနေဝင်းမှာလည်း သေဆုံးခဲ့ရသည့်အတွက် ၀မ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည် ။


တရားလွှတ်တော် ရှေ့နေ ဦးကိုနီမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ဥပဒေကြောင်းနှင့် ပတ်သက်၍ အကြံဉာဏ်များပေးခဲ့သူဖြစ် သည့်အတွက် အထူးကျေးဇူးတင်ထိုက်သူဖြစ်ကြောင်းလည်း ဖော်ပြထားပြီး စစ်မှန်သော ပြည်ထောင်စု စနစ်နှင့် ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီအရေး အတွက် လျှောက် လှမ်းနေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း SNLD ၏ သဝဏ်လွှာတွင် ဖော်ပြထားသည် ။


ဦးကိုနီမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မကြာခဏ ဟောပြော သင်တန်းပို့ ချလေ့ရှိသူဖြစ်ပြီး အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဦးကိုနီမှာ အင်ဒိုနီးရှားနိုင်ငံမှအပြန် ရန်ကုန်လေဆိပ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည် ။


ဦးကိုနီ သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ဖမ်းမိထားသော်လည်း အစိုးရအဖွဲ့မှ ယနေ့ ညနေ ၄ နာရီအထိ အသေးစိပ်ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates