ဦးကိုနီ အသုဘအခမ်းအနား ဒေါ်အောင်ဆန်းစုကြည်မတက်ရောက် မိသားစုအား လည်းမဆက်သွယ်



ပြီးခဲ့သည့် တနင်္ဂနွေနေ့က သေနတ်သမားတဦး၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် အန်အယ်လ်ဒီ ပါတီ၏ ဥပဒေဆိုင်ရာ အကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဈာပနအခမ်းအနား သို့ နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်း မရှိကြောင်း၊ ဦးကိုနီ၏ ကျန်ရစ်သူမိသားစုဝင်များထံလည်း ဆက်သွယ်ခြင်းမရှိကြောင်း သမီးဖြစ်သူက အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည် ။


ဇန်နဝါရီလ ၃၀ ရက်နေ့က ရေဝေးသုဿာန်တွင် ပြုလုပ်သည့် ဦးကိုနီ၏ ဈာပနအခမ်းအနားသို့အန်အယ်လ်ဒီ ပါတီ ထိပ်တန်းတာဝန်ရှိသူများ ၊ ခွန်ထွန်းဦးကဲ့သို့တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒီမိုကရက်တစ် အင်အားစုများအပါဝင် လူမျိုးစုံ ဘာသာစုံပရိသတ်သောင်းချီတက်ရောက်ခဲ့သည့် သမိုင်းဝင် ဈာပန အခမ်းအနားဖြစ်ပါသည်။


ဒေါ်အောင်ဆန်းစုကြည်က ပန်းစည်းပို့သလားဆိုတာကိုကျမ သတိမပြုမိဘူး။ လူတွေက တအားများလို့လေ။ ဒါပေမဲ့ ကျမတို့တွေကိုအခုထိ သူမ လုံးဝ ဆက်သွယ်တာ မရှိဘူး။ ပုဂ္ဂိုလ်ရေးအရ ၀မ်းနည်းကြောင်းပြောဆိုဖို့ဆိုတာမျိုး မလုပ်ခဲ့ဘူး - ဟု ဦးကိုနီ သမီးဖြစ်သူ ဒေါက်တာရင်နွယ်ခိုင်က ပြောကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့ အေပီသတင်းဌာန၏အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။


ယင်းသတင်းကိုဝါရှင်တန်ပို့စ်အပါဝင်ကမ္ဘာ့သတင်းမီဒီယာများလည်း ဖော်ပြခဲ့ကြသည်။


ရှေ့နေ ဦးကိုနီမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တက်ကြွစွာ လှုပ်ရှားပါဝင်ခဲ့သူဖြစ်သကဲ့သို့ ၂၀၀၈ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် ဟန့်တားခံရချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်နိုင်ရန် အခြေခံဥပဒေမှ အားနည်းချက်များကို ရှာဖွေပေးခဲ့သူလည်း ဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်ထံမှ ဖုန်းဆက်သွယ်ပြောဆိုမှု မရခဲ့သော်လည်း ယင်းကိစ္စကိုသူမအနေဖြင့် မျှော်လင့်ချက်မထားဟု ဦးကိုနီ၏ သမီးဖြစ်သူက ဆိုသည်။


ဦးကိုနီမှာ အန်အယ်လ်ဒီ အနေဖြင့် ရပ်တည်ခဲ့သော်လည်း အန်အယ်လ်ဒီ အစိုးရဖြစ်လာချိန်တွင် အစိုးရ ၊ လွှတ်တော် ရာထူးများ ရယူခြင်း မရှိခဲ့သလို အစ္စလာမ်ဘာသာဝင်ဖြစ်နေသည့်အတွက် အွန်လိုင်းမီဒီယာတွင် ပုတ်ခတ်မှုများ မကြာခဏခံခဲ့ရသူလည်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်မှာ ဦးကိုနီ ဈာပန သို့ မလာနိုင်ခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ပင်လုံသို့ သွားရောက်ရန် စီစဉ်နေပြီး ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း တက်ရောက်ဦးမည်ဟု သိရသည်။ ဦးကိုနီ ဈာပနသို့ ဒေါ်အောင်ဆန်းစုကြည် မလာရောက်ခဲ့မှုအပေါ် ဝေဖန်မှုအချို့ရှိနေသည်ဟု ၀ါရှင်တန်ပိုစ့် သတင်းဆောင်းပါးတွင်လည်း ဖော်ပြထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates