သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ သျှမ်းပြည်နယ်မြို့နယ်အားလုံး ညီမျှမူ ရှိသည့် ဘတ်ဂျတ်ခွဲဝေမူ မူဘောင်ကို အဆိုတင်သွင်း
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်အမတ်က သျှမ်းပြည်နယ် မြို့နယ် အားလုံး ညီမျှမူ ရှိသည့် ဘတ်ဂျတ်ခွဲဝေမူ မူဘောင်ကို အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။
ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က “အစိုးရ ငွေလုံး ငွေရင်း ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျတ် မြို့နယ်အလိုက် ခွဲဝေခြင်းဆိုင်ရာ မူဘောင်” ကို လွှတ်တော် ဂျွန်လ ၆ ရက်နေ့က အဆိုတင်သွင်း ခဲ့ခြင်းဖြစ်သည်။
၎င်း၏ မေးခွန်းအား သျှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ က အစိုးရသည် ချမှတ်ထားသည့် စီမံကိန်းအတိုင်းသာ ဘတ်ဂျတ်လျာထားရခြင်းဖြစ်ကြောင်း လွှတ်တော် တတိယနေ့ ဂျွန်လ ၈ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။
“ကျနော်တို့ လက်ရှိအခြေအနေအရ အကြံပြုတင်ပြရမယ်ဆိုရင်တော့ ဒီကိစ္စတွေကို အတည် မပြု ခင်မှာသက်ဆိုင်ရာ ဘဏ္ဍာရေးကော်မတီနဲ့ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ရဲ့ဌာနဆိုင်ရာများနဲ့ အသေး စိတ် တိုင်ပင်ဆွေးနွေးဖို့ အရင်ဦးစွာလိုအပ်မယ်လို့ ကျနော့်အနေနဲ့ ယူဆရပါတယ်။ ဒါကြောင့် ဒီကိစ္စများကို ရေးရာကော်မတီများနဲ့ အစိုးရ ဌာနဆိုင်ရာများနဲ့ အကြေအလည် ဦးစွာဆွေးနွေးပြီးမှ ဒီကိစ္စကို ဆောင်ရွက်သင့်ပါကြောင်း ကျနော့် အနေနဲ့ တင်ပြလိုပါတယ်။ ဒါကြောင့် ကိုယ်စား လှယ် တော်ကြီး တင်သွင်းတဲ့ အဆိုကို မှတ်တမ်းအဖြစ် ထားရှိရန် အလေးအနက် တင်ပြပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ ကပြန်လည် ဖြေကြားသည်။
သျှမ်းပြည်နယ် ၅၅ မြို့နယ်အတွင်း အစိုးရမှ ဘတ်ဂျတ်လျာထားသည့် နေရာတွင် မျှတမှု မရှိကြောင်း ကိုယ်စားလှယ်အများစုက ယူဆခြင်း၊ ထို့ကြောင့် မျှတစွာ လွှမ်းခြုံနိုင်သည့် ခွဲဝေမှုမျိုး ဖြစ်သင့်ကြောင်း ရည်ရွယ်ပြီး အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ဦးစိုင်းထွန်းဉာဏ် ကပြောသည်။
“ဒီအဆိုက လွန်ခဲ့တဲ့ ပဉ္စမလွှတ်တော်အစည်းအဝေးက ဘတ်ဂျတ်ကို အတည်ပြုခဲ့ရပါတယ်၊ အတည်ပြု ပေးလိုက်တဲ့ ဘတ်ဂျတ်က စီမံကိန်းတွေ အခြားမြို့နယ်မှာ သွားပုံနေတာရှိတယ်၊ ဆိုလိုချင်တာကတော့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အစိုးရအဖွဲ့အစည်းက နဲနဲ သူတို့ဆွဲလိုက်တဲ့ ဘတ်ဂျတ်က တပြေးညီပြီးတော့ ညီညာ စွာ မလွှမ်းခြုံဘဲနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ဒေသကို ပိုပြီးပေးတဲ့ အနေအထားရှိတာပေါ့လေ၊ ကျနော်လေ့လာရ သလောက်ဆိုရင် သျှမ်းပြည်မှာ တောင်ကြီး နဲ့ လားရှိုးက တော်တော်လေး တိုးတက်နေတယ်။ အဲ့ဒီမှာက အစိုးရ အကြီးအကဲတွေ ရှိနေတော့ ပိုပြီးတော့ ချပေးတယ်၊ ကျနော် ဆိုလိုချင်တာက နယ်စွန်နယ်ဖျားကို ပိုမိုစဉ်းစားပေးသင့်တယ်၊ ဒါကြောင့် ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်” ဟု အဆိုတင်သွင်းသူ ဦးစိုင်းထွန်းဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။
“အစိုးရ ငွေလုံး ငွေရင်း ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျတ် မြို့နယ်အလိုက် ခွဲဝေခြင်းဆိုင်ရာ မူဘောင်” အဆိုကို ဆွေးနွေးဆုံးဖြတ်ရာ ထောက်ခံဆွေးနွေးသည့် ကိုယ်စားလှယ် ၄ ဦး ရှိသည်။အဆိုကို မဲပေးဆုံးဖြတ် ရာမှာ ဂျွန် ၈ ရက်နေ့က လွှတ်တော်အမတ် ၁၂၄ ဦး တက်ရောက်ပြီး မဲပေးဆုံးဖြတ်ရာမှာ အဆိုကို ထောက်ခံသည့် ကိုယ်စားလှယ် ၅၀ ဦးသာ ရရှိခဲ့ခြင်းဖြစ်သည်။
သျှမ်းပြည်နယ် ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဘတ်ဂျတ်၏ ၃၀% သည် မြို့နယ်အလိုက် ညီမျှစွာခွဲဝေပေး၍လည်းကောင်း၊ ငွေလုံး ငွေရင်း ရင်းနှီးမြှုပ်နှံမှု ၏ ၃၀% သည် မြို့၏ အရွယ်အစား အကြီးအသေးအလိုက် ပေါ်မူတည်၍လည်းကောင်း ၊ ၄၀% သည် ဖွံ့ဖြိုးမှု GDP နှင့် တိုင်းတာပြီးတော့မှ ပေးရန် ဆိုပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း အဆိုတင်သွင်းသူ ဦးစိုင်းထွန်းဉာဏ် ကပြောသည်။
သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးကို ဂျွန်လ ၈ ရက်နေ့တွင်ရပ်နားလိုက်ကြောင်း သိရပါသည်။
Tags: News, politic


